“မွေ့ပျော်ရာအလွမ်း”
အခန်း( ၃)
ပြင်ညောင်မှ ကလောအထိ လမ်းတစ်လျှောက် ဝဲယာမြင်ကွင်းက စိမ်းစိုလွန်းလှသလို ပင်လယ်ရေမျက်နှာပြင်ထက် များစွာမြင့်သော တောင်ကျောပေါ်မှလမ်းကလေးမို့ အကွေ့အကောက် အတက်အဆင်းများလှသည်။ ဇစ်ဇက်နေရာများကိုလည်း များစွာဖြတ်ကျော်ရ၏။ ထို့အပြင် မြန်မာ့လမ်းများထုံးစံအတိုင်း ပေါက်သည့်နေရာတွင်သာ ဟိုဖာဒီဖြည့် လုပ်ထားသောကြောင့် လမ်းကမချောမွေ့။ သို့သော် ထိုကဲ့သို့ ကားကိုသတိထားကာ မောင်းနေရ၍လည်း အတိတ်မှအရိပ်ဆိုး၏ ဝင်ရောက်နှောက်ယှက်နိုင်ခြင်း မရှိသည်ကိုတော့ သဘောကျဖို့ကောင်းပါသည်။ သည်လိုနှင့် ကလောရောက်တော့ ညနေပင်စောင်းနေချေပြီး။မမမြတ်လမ်းညွှန်လိုက်သည့်အတိုင်း ကလောမြို့ပြင်မှ အမရာရီဆော့လေးဆီ ဦးတည်လိုက်သည်။ အမရာရီဆော့လေးက မမမြတ်ညွှန်းဆိုသည့်အတိုင်း ရှေးဗြိတိသျှတို့၏ အိမ်ကလေးများသဖွယ်၊ ညနေခင်း အလင်းမှိန်မှိန်အောက်ဝယ် ပြေပြေကလေး တက်သွားသည့် လမ်းကလေးအဆုံး၌ ဆွတ်မောဘွယ်ရာအတိ။
ဖေါ်ရွေကျေပြွန်လွန်းလှသော ဝန်ဆောင်မှု၊ အရသာရှိလှသောညစာ၊ ကိုလိုနီအရာရှိကြီးများ၏ အိပ်ခန်းဆောင်ကဲ့သို သန့်ရှင်လှပ၍ ခန်းနားညက်ညောသည့် အိပ်ခန်းတို့အပြင် တစ်နေကုန် ကားမောင်းလာရ၍လားမသိ ည၉နာရီခွဲလောက်ကစပြီး စန္ဒီတစ်ယောက် ခေါင်းချလိုက်သည်မှာ မနက် ၇နာရီထိုးသည်အထိ တစ်ချိုးတည်း။
နောက်တစ်နေ့ အိပ်ယာမှထသောအခါ ၁၀နာရီနီးပါး အိပ်စက်ခဲ့ရသောကြောင့် ကြည်လင်သော ဦးခေါင်းနှင့် စန္ဒီတစ်ယောက် လန်းဆန်းတက်ကြွနေ၏၊ မနက်စာစားအပြီး အမရမှ စထွက်ချိန်တွင် နံနက်၉နာရီကျော်ပြီ။ ထို့နောက် ဟဲဟိုးတွင်ရပ်ကာ နေ့လည်စာစားရင်း အပေါ့အပါးသွားသည်ကလွဲ တောင်ကြီးရောက်သည်အထိ တောက်လျှောက်မောင်းဖြစ်ခဲ့သည်။ တောင်ကြီးမြို့ထဲရောက်တော့ ညနေစောင်းစ။
တောင်ကြီးမြို့ကို မြောက်ဘက်မှ ဝင်လာရသောကြောင့် မမမြတ်၏အဖွား ဒေါ်နန်းခမ်းလောဝ်၏အိမ်သို့ရောက်ရန် စန္ဒီအတော်မောင်းယူရသေးသည်။ ဗိုလ်ချုပ်အောင်ဆန်း လမ်းတစ်လျှောက် စဝ်စံထွန်းဆေးရုံ၊ တောင်ကြီးစတိုး၊ ဈေး၊ စိုက်ပျိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ စားသောက်ဆိုင်များ၊ ရှမ်းယဉ်ကျေးမှုသမိုင်းပြတိုက်၊ စသည်တို့ကိုဖြတ်ကျော်ခဲ့ရ၏။
ဖွားဖွား၏အိမ်က စိန့်ဂျော့အင်္ဂလီကန် ဘုရားရှိခိုးကျောင်း အနီးတွင် တည်ရှိပြီး လမ်းမကြီးပေါ်မှာမို့ ရှာဖွေရသည်က မခက်ခဲပါ၊ ခြံဝတွင်ကားရပ်လိုက်သည်နှင့် အသက်၄၀ကျော်အရွယ် အမျိုးသားကြီးတစ်ယောက် ထွက်လာကာတံခါးကို ဖွင့်ပေးပါသည်။
တံခါးဖွင့်ပေးရင်း “မစန္ဒီဟုတ်ပါတယ်နော် မစုမြတ်က ဖုန်းနဲ့လှမ်းပြီး ပြောပြထားလို့ ကျောဝ့်ဖှားရင် စောင့်နေတာ၊ ညကတည်းကရောက်မယ်ထင်ထားတာ မရောက်လာလို့ စ၀်ဖှားရင်က အတော်စိတ်ပူနေရှာတယ်” ဟု အလွန်ဝဲသော မြန်မာစကားနှင့်ပြောပြသည်၊ စ၀်ဖှားရင်ဆိုတာဘယ်သူလဲဟု မေးချင်သော်လည်း မမေးဖြစ်တော့။
အိမ်ကား ကိုလိုနီလက်ရာ ရှေးအိမ်ကြီးတစ်လုံးဖြစ်ပါသည်၊ သစ်သားနှင့် အင်္ဂတေကို အချိုးကျနစွာဖြင့် တည်ဆောက်ထားသောကြောင့် အိမ်ကြီးမှာခန့်ညားသလောက် ခိုင်ခန့်မည်ဟန်ရှိသည်။
တရုတ်စကားပင်များစိုက်ပျိုးထားသည့် မြက်ခင်းပြင်စိမ်းစိမ်းလေးကိုပတ်ကာ ဆင်ဝင်တွင် ကားရပ်လိုက်သည်နှင့် ဖြူဖွေးသောအသားအရည်၊ ဖြူဖွေးသော ဆံကေသာများနှင့် ကြည်စင်သော မျက်နှာရှိသည့် အသက် ၇၀အရွယ် အဖွားအိုတစ်ယောက်က ပြုံးရွှင်စွာ ကြိုဆိုပါသည်။
“သမီးလေးက စန္ဒီနော် လှလိုက်တာကွယ်၊ ဖွားဖွားက ညကတည်းကရောက်မယ်ထင်နေတာ လာလာ အထဲဝင် ဟဲ့ ခွန်သာ နဲ့ နန်းမွန် ဘာလုပ်နေတာလဲ ကားပေါ်ကပစ္စည်းတွေချလေ” ဟု ဖွားဖွားက လှမ်းပြောရင်း စန္ဒီလက်ကိုဆွဲကာ အိမ်အတွင်းသို့ခေါ်သွားလေ၏။
အိမ်ထဲသို့ရောက်သွားသောအခါ သူမရောက်ဖူးသော စစ်ကြိုခေတ်ကို ပြန်ရောက်သွားသလားဟုပင် စန္ဒီတစ်ယောက် သူမကိုယ်သူမ ပြန်မေးမိရလောက်အောင်ပင် အိမ်အတွင်းပြင်ဆင်မှုက ရုပ်ရှင်ထဲတွင် ကြည့်ရသော စစ်ကြိုခေတ်ဘိုအိမ်များကဲ့သို ပြင်ဆင်ထားသည်ကိုတွေ့ရသည်။
မီးလင်းဖို၊ ကတ္တီပါအဖုံးတပ်ဆက်တီများ၊ ထိုင်ခုံများ၊ မဟောဂနီရောင်တဖိတ်ဖိတ်တောက်ပြောင်နေသည့် စားပွဲ၊ အခန်းထောင့်မှစန္ဒရား၊ နံရံထက်မှ ပန်းချီကားကြီးများနှင့် ဓါတ်ပုံများ၊ ထိုအထဲတွင် အသက်၂၅-၃၀ခန့်ရှိသော စုံတွဲတစ်တွဲ၏ ပုံကား ကြီးမားခန့်ညားစွား ဧည့်ခန်းဆောင်ကို စီးမိုးနေရာယူထား၏။
(ဆက်ရန်) ...။
No comments:
Post a Comment