Tuesday, 7 July 2015

“မွေ့ပျော်ရာ .. အလွမ်း” အခန်း ၎

“မွေ့ပျော်ရာအလွမ်း”
အခန်း (၄)
“ဒါသမီးရဲ့အခန်း၊ သဘောကျရဲ့လား” ဖွားဖွားက အခန်းကိုပြရင်း ပြုံး၍မေး၏။

အလျား၁၅ပေ အနံ၁၀ပေခန့်ကျယ်သော အခန်းကြီးထဲ ကုတင်၊ စာရေးစားပွဲ၊ မှန်တင်ခုံ ရေချိုးခန်းတို့ကို ပြည့်စုံစွာ။

ပြောင်လက်တောက်ပနေသော ကြမ်းပြင်ထက်တွင် လှပသော ကနုတ်လက်ရာများနှင့် တန်ဆာထားသည့် နှစ်ယောက်အိပ် ကုတင်ကြီးက ကြွကြွရွရွနှင့် မဟာဆန်လွန်းလှသည်။

ဘာကြောင့်ရယ်မသိ “လှလိုက်တဲ့ကုတင်ကြီးရယ်” ဟု ဆိုကာ စန္ဒီကုတင်နားသို့ အလိုလိုပြေးဝင်တိုးကပ်သွားမိသည်။ သည်ကုတင်ကြီးက သူမနှင့်ရင်းရင်းနှီးနှီး၊ ဘယ်တုန်းက ဘယ်မှာတွေ့ဖူးပါလိမ့်။ ဟင့်အင်း မဟုတ်ဘူး တွေ့ဖူးတာမဟုတ်ဘူး ငါအိပ်ဖူးတာ ရင်းရင်းနှီးနှီးကြီးကို အိပ်ဖူးတယ် ဟု စိတ်တွင်းရေရွတ်မိသည်။



ဖွားဖွားက ကျေနပ်သဘောကျစွာ လိုက်ပါလာရင်း “ဟုတ်တယ်သိပ်လှတဲ့ကုတင်ကြီးပေါ့ သမီးလေးရယ်၊ ဒါပေမဲ့ ဒီကုတင်ရဲ့ မူလပိုင်ရှင်က ဖွားဖွားတို့မိသားစုတော့မဟုတ်ဘူး ကျော့ဝ်ပီးလုံ အဲ အကိုကြီး စဝ်ကြာစိန်ကို သူ့မိတ်ဆွေ ကျိုင်းတုံစော်ဘွား ကျော့ဝ်ချိုင်လုံက မင်္ဂလာလက်ဖွဲ့ပေးခဲ့တာ၊ တခါက အကိုကြီးစဝ်ကြာစိန် ကျိုင်းတုံဟောနန်းကို သွားလည်တုန်းက ဒီကုတင်မှာအိပ်ရင်း အိပ်မက်ကောင်းတွေမက်တဲ့ ကုတင်ကြီးဆိုပြီး ချီးကျူးဖူးတာနဲ့ အကိုကြီးမင်္ဂလာဆောင်တော့ ကျော့ဝ်ချိုင်လုံက အမှတ်တရနဲ့လက်ဖွဲ့ခဲ့တာ၊ အမတော်စောသုစန္ဒီ အဲ အင်ဂဲလ် လည်း ဒီကုတင်မှာအိပ်တိုင်း အရမ်းကြည်နူးဖို့ကောင်းတဲ့ အိပ်မက်တွေ မက်လေ့ရှိတယ်လို့ ဖွားဖွားကို မကြာခဏ ပြောပြဖူးတယ်၊ အခုတော့ မြေးလေးစန္ဒီက ဒီကုတင်ကြီးမှာအိပ်ပြီး အိပ်မက်ကောင်းကောင်းလေးတွေ မက်ပေါ့ ဟုတ်ပြီလား” ဟု ဆိုကာ ဖွားဖွားက စန္ဒီခေါင်းကို ညင်သာစွာပွတ်ပေးပါသည်။

ကုတင်ပေါ်ထိုင်ကာ ဖွားဖွား၏ ရင်ခွင်ထဲ ခေါင်းထည့်ထားရင်းက ရန်ကုန်မှာကျန်ရစ်သည့် ကြီးကြီးမေကို လှမ်းသတိရမိသည် ကြီးကြီးမေတစ်ယောက် ဘယ်လိုနေရှာမလဲ၊ ထိုမှတဆက်တည်း ဘုန်းကျော်၏ရုပ်သွင်ကို မြင်ယောင်မိပြန်သည်။
“ကဲ မြေးလေးလည်း ပင်ပန်းလာတယ် ခဏတဖြုတ်နား ပြီးတော့ ရေချိုးပြီးဆင်းလာနော်၊ ဖွားဖွားတို့ ညစာစားကြရအောင် အဲ ..သမီးလေးလိုတာရှိရင် ဟောဒီက နန်းမွန်ကို ခိုင်းလို့ရတယ်၊ နောက်ပြီး ခွန်သာနဲ့ မစိန်ဆိုတာလည်းရှိသေးတယ်၊ ခွန်သာက မြေးလေးကို တံခါးဖွင့်ပေးတဲ့သူ မစိန်ကတော့ မီးဖိုချောင်မှာ”
“ဟုတ်ကဲ့ဖွားဖွား” ဟု ဖြေရင်း နန်းမွန်ကို ပြုံးပြလိုက်သောအခါ နန်းမွန်က နှစ်လိုဖွယ်အပြုံးနှင့်တုံ့ပြန်ရင်း သူအား ခေါင်းကိုညွှန့်ပြသည်။

ဖွားဖွားနှင့် နန်းမွန်ပြန်ထွက်သွားသောအခါ စန္ဒီတစ်ယောက် ကုတင်ထက်က မွှေ့ယာပေါ် ပစ်လှဲချလိုက်ရင်း တနေကုန် ကားမောင်းလာရ၍ တကိုယ်လုံး ညောင်းညာနေသည်ကို ဖြေလျှော့လိုက်၏၊ ပြူတင်းပေါက်မှတဆင့် အခန်းအတွင်းတိုးဝင်နေသော တရုတ်စကားပန်းပွင့် ရနံ့သင်ကြူကြူလေးက မွှေအီစွာပျံ့လွင့်နေသည်။


မွှေးအီလှသော တရုတ်စကားရနံ့လေးကို ရှုရှိုက်ရင်း စန္ဒီမျက်ခွံများလေးလံလာသည်၊ နောက်တော့ သူမအိပ်ပျော်သွားသလား မကွဲပြား။ 

ရှိုက်ငိုသံတစ်သံကြောင့် သူမလန့်နိုးလာသောအခါ တရုတ်စကားပင်များ ဝန်းရံနေသော မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းလျက်ရှိနေသည်ကို စန္ဒီအံ့သြတကြီးတွေ့လိုက်ရသည်၊ တရုတ်စကားပွင့်ကြွေများက မြက်ခင်းပြင်ထက် ပြန့်ကျဲလျက်။

ပတ်ဝန်းကျင်တစ်ခုလုံး နှင်းလာမြူခိုးလား မဝေခွဲနိုင်သည့် အခိုးငွေ့များနှင့် အုံ့မှိုင်းရစ်ဆိုင်းနေသည်။ နေဝင်သွားခဲ့သည်မှာ အတော်ကြာပြီထင်ရ၏။ မြင်ကွင်းက မကြည်လင်လှ၊ ငါအိပ်မက် မက်နေတာပဲဟု စန္ဒီသူ့ကိုယ်သူသတိပေးလိုက်သည်။

ရှိုက်ငိုသံက ပို၍ပီပြင်လာသည်။ ဘေးပတ်ဝန်းကျင်ကို စန္ဒီအသေအချာစူးစိုက်ကြည့်မိသောအခါ တရုတ်စကားပင်နှင့် ပုဏ္ဏားရိပ်ပင်များအဆုံးတွင် ဘုန်ကြီးကျောင်း တံတိုင်းလို ထုံးဖြူသုတ်ထားသော မဟာရံတံတိုင်းတစ်ခုကို တွေ့မြင်ရသည်။ ထိုတံတိုင်း၏ဟိုတစ်ဖက်တွင် အမျိုးသမီးတစ်ဦး စန္ဒီကို ကျောပေးကာ ရှိုက်ငိုနေလေ၏။
“မငိုပါနဲ့ နောင်းယဉ်။ ငါဒီကိစ္စကို မပျက်ပျက်အောင် စီစဉ်ပါ့မယ်။ ပြီးတော့ နောင်းယဉ်နဲ့ ထွန်းအေး ဒီရက်ပိုင်အတွင်း ဆုံနိုင်အောင်လည်း ငါစီစဉ်ပေးပါ့မယ်”
“ကျော့ဝ်ပီးလုံ တကယ်ပြောနေတာလား နောင်းယဉ်ကို နှစ်သိမ့်နေတာလား”

ငိုရှိုက်နေသော အမျိုးသမီးအနားသို့ အမျိုးသားတစ်ယောက်ရောက်လာကာ အချီတချပြောသံကိုကြားရ၍ စန္ဒီထိုင်နေရာမှ ထိုတံတိုင်းအနီးရှိ တရုတ်စကားပင်ရင်းသို့ တိုးကပ်သွားသည်။ ထိုသို့တိုးကပ်သွားစဉ် သစ်ကိုင်ချောက်တစ်ခုကို နင်းမိလိုက်၍ ချောက်ကနဲ့အသံမြည်သွားလေ၏။

အမျိုးသားရော အမျိုးသမီးပါ အသံလာရာ စန္ဒီပုန်းနေသည့် တရုတ်စကားပင်ဆီကို ရုတ်တရက် ထိန့်လန့်သွားဟန်နှင့် လှည့်ကြည့်လိုက်ကြသော်လည်း စန္ဒီကို မြင်တွေ့သွားပုံတော့မရပါ။ လှပချောမောလွန်းလှသော သူမထက်ငယ်ဦးမည်ဟု ထင်ရသည့် မိန်မချောလေးတစ်ယောက်နှင့် စစ်ကြိုခေတ် နာမည်ကျော် အဆိုတော် စန္ဒရားဆရာဗလင်တီနိုလိုင်ဘရေ့စ်၏ ဆံပင်ပုံညှပ်ထားကာ နုတ်ခန်းမွေးသဲ့သဲ့နှင့် ခန့်ညားတည်သော ရုပ်ရည်ရှိသည့် အမျိုးသားတစ်ဦး၊ ထိုအမျိုးသားကို မြင်ရသည်နှင့် ဘာကြောင့်မှန်းမသိ စန္ဒီရင်ထဲ နွေးကနဲ့ဖြစ်သွားကာ နှလုံးအိမ်က တဒိတ်ဒိတ်ခုန်လာသည်ကို သတိထားမိသည်။ သူတို့ဘယ်သူတွေများပါလိမ့်။
အမျိုးသားဖြစ်သူက “ကဲကဲ နောင်းယဉ် အပြင်မှာအေးလာပြီ ဟော်ထဲပြန်တော့” ဟု တိုက်တွန်းရင်းမှ သူတွင်ဝတ်ဆင်ထားသော တိုက်ပုံဟု ထင်ရသည့် အပေါ်ဝတ်အင်္ကျီကို မိန်းမပျိုလေးထံ ကြင်နာစွာလွှမ်းခြုံပေးလိုက်သည်ကို တွေ့ရသည်၊ ခဏနေတော့ မိန်းမပျိုလေးပျောက်ကွယ်သွားသည်။

သူမဘယ်ရောက်နေသလဲ အိပ်မက်ထဲမှာလား ဒီအိပ်မက်က နိုးထအောင်ဘယ်လိုရုန်းထွက်ရမလဲ စန္ဒီမစဉ်းစားတတ်။ အိပ်မက်ဟုတ်မဟုတ်သိချင်ရင် ကိုယ့်ကိုကိုယ်ဆွဲဆိတ်ကြည့်ရတယ် နာရင်အိပ်မက်မဟုတ်ဘူး ဟူသော ဘယ်သူပြောမှန်းမသိသည့် ငယ်ငယ်ကကြားခဲ့ဖူသည်ကို သတိရရင်း လက်မောင်းကို ဆွဲဆိတ်ကြည့်တော့လည်း အတော်နာနေပြန်သည်။ ဒါအိပ်မက်လား တစ်ကယ်လား စန္ဒီမတွေးတတ်တော့။ သို့သော် ထိုသို့ဖြစ်နေခြင်းကိုပင် ရင်တွင်းပျော်ရွှင်သလို ခံစားနေရသည်။ ဤပတ်ဝန်းကျင် ဤရှုခင်းက သူမနှင့်အရမ်းကို နီးစပ်လွန်းနေသလိုလို။

တွေးရင်း စရောက်စဉ်နေရာသို့ စန္ဒီပြန်လျှောက်သွားမိသည်။ မြူခိုးဝေသီသော ကောင်းကင်တွင် ကြယ်စင်များက ဟိုတစ်စဒီတစ်စ။ လမင်းကြီးကိုတော့မတွေ့ရပါ။ ခပ်လှမ်းလှမ်းမှ ဆီမီးရောင်အချို့ကိုလည်း ဝိုးတဝါးလှမ်းတွေ့နေရသည်။
“မင်းဘယ်သူလည်း၊ ဒီမှာဘာလာလုပ်နေသလဲ၊ ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီကိုရောက်နေရတာလဲ” ဟူသော အင်္ဂလိပ်လိုပီသစွာ အနီးကပ်မေးလိုက်သော စကားသံကြောင့် အမလေးဟု အသံထွက်သွားအောင် စန္ဒီလန့်သွား၏။ အသေအချာပြန်ကြည့်တော့ စောစောကကိုလူချော။ သူမှန်းသိသွားတော့ စန္ဒီမကြောက်တော့ပါ၊ ဘာကြောင့်မှန်းမသိ စန္ဒီ့စိတ်ထဲက သူကိုအလိုလို ရင်းနှီးနေသည်၊ ထို့ကြောင့် မကြောက်သည့်အပြင် စချင်စိတ်ပင် ပေါ်လာမိလိုက်သေးသည်။
“ဟာ ရှင်ကလည်း အနားကပ်လာပြီး ဒီလိုလာအော်ရလားလို့ လိပ်ပြာလေးတောင် ထွက်ပြေးသွားပြီ ကလူလူကလူ”

ခပ်နောက်နောက်ပြောနေသော စန္ဒီကိုကြည့်ရင်း ကိုလူချောက မကျေမနပ်ဟန်နှင့် မျက်မှောက်ကို ပို၍ကုတ်လိုက်ရင်း “မင်းက ဗမာလား” ဟုခပ်ဝဲဝဲလေးမေးသည်။
“ဟုတ်တယ်လေ ဗမာပေါ့ ဘာဖြစ်လို့လည်း ကိုးရီးယားမင်းသမီးလေးလို့ထင်နေလို့လား”
“ကိုးရီးယားမင်းသမီး ဟုတ်လား၊ မင်းဘာတွေပြောနေတာလည်း ကိုးရီးယားဆိုတာရှိမှမရှိတော့ပဲ မန်ချူးကိုးပဲ ရှိတယ်လေ။ မင်းက မန်ချူးကိုးကလား”
“ဟာ ဘာတွေလည်း ဘာတွေလာပြောနေတာလည်း။ ဒီက ကိုးရီးယားရုပ်ရှင်မင်းသမီးနဲ့ အထင်မှားနေမှာစိုးလို့ ပြောနေတာ။ လေတယ်ကွာ၊ ဘယ်ကမန်ချူးကိုးဆိုတာကြီးက ပါလာရပြန်တာလဲ”

ကိုလူချောက မျက်မှောင်ကို ထပ်ပြီးကြုပ်လိုက်ရင်း “နေပါဦး မင်းပြောနေတာ ဗမာစကားပါနော်”ဟု မသင်္ကာသလို ပြန်မေးလိုက်၏
“ကျွတ် ..ဗမာစကားမဟုတ်လို့ ဘာစကားဖြစ်ရဦးမှာတဲ့တုန်း”
“နေစမ်းပါဦး ဗမာစကားသာဆို ငါကဘာလို့ လုံးစေ့ပတ်စေ့ နားမလည်ရတာလဲ”
“ဒါက ရှင်တောကျလို့နေမှာပေါ့” ဟု စန္ဒီပြန်ပြောလိုက်သောအခါ “တောကျတယ် နေစမ်းပါဦး မင်းပြောတဲ့ဗမာစကားက ဘယ်ဒေသသုံးစကားလည်း၊ ပြီးတော့ မင်းထားတဲ့ ဆံပင် မင်းဝတ်ထားတဲ့ အဝတ်အစားတွေကလည်း ဘယ်လိုကြီးလည်း ငါတခါမှမတွေ့ဖူးဘူး ဗမာမိန်းခလေးတစ်ယောက် မဝတ်သင့်တဲ့ အရမ်းကိုအရှက်နည်းလွန်းတဲ့ အဝတ်အစားတွေ” ဟု ကိုလူချောကပြောပြန်သည်။
“အမ် ..ဒီအဝတ်စားတွေက ..” ဟုဆိုကာ စန္ဒီသူ့ကိုယ်သူပြန်ဆန်းစစ်လိုက်သည်၊ ပေါ့ပေါ့ပါးပါးဖြစ်အောင် ဝတ်ထားသော အသားကပ်ကွာတားဘောင်းဘီနှင့် လည်ခပ်ဟိုက်ဟိုက် တီရှပ်ခါးရှည်၊
“ဒီအဝတ်အစားတဲ့က မဝတ်သင့်တဲ့ အဝတ်စားလား ရှင်ဘယ်ခေတ်ကလူလဲ”

ကိုလူချောက သူ့ကိုခပ်မာန်မာန်လေးပြန်ပြောလိုက်သော စန္ဒီစကားကို မနှစ်သက်ဟန်နှင့် “စကားပြောလဲရိုင်းတယ် မင်းဘယ်သူလည်း ဒီကိုဘယ်လိုရောက်နေတာလည်း ဒီလောက်များတဲ့ အစောင့်အရှောက်ကြားထဲကနေ မင်းဒီနေရာအထိ ဘယ်လိုဝင်လာသလဲ” ဟု ခပ်ပြတ်ပြတ်ပြန်မေးလိုက်ပြန်၏။

စန္ဒီသူ့ကို ဆက်၍စနေချင်သော်လည်း သူဒေါသထွက်မှာကိုတော့ မဖြစ်စေချင်ပါ၊
“ကျမနာမည်က စန္ဒီ၊ ဘယ်လိုဝင်လာသလဲ ကျမလည်မသိဘူး စောစောတုန်းက တောင်ကြီးက ဖွားဖွားနန်းခမ်းလောဝ်အိမ်မှာ အိပ်နေခဲ့တာပဲ”
“တောင်ကြီးမှာအိပ်ရင်းက ဒီကိုရောက်လာတယ်ဟုတ်လား ... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ မင်းဘာတွေလာပြောနေတာလဲ”
“ကျမလည်းမသိဘူး”
“ဟာကွာ မင်း ... ဟို လူမဆန်တဲ့ ဖရာ့ယက်တပ်တွေ ဖမ်းမှာကို မကြောက်ဘူးလား၊ အဲဒါထက် ဒီကောင်တွေက အင်္ဂလိပ်သူလျှိုဆိုပြီး ကင်ပေတိုင်လက်ထဲအပ်လိုက်ရင် မင်းတော့ဒုက္ခရောက်တော့မှာပဲ”
“ကင်ပေတိုင် ဟုတ်လား ရှင်ဘာတွေလာပြောနေတာလည်း၊ နေစမ်းပါဦး ရုပ်ရှင်ရိုက်နေတာလား ပြီးတောရှင်ကရော ဂျပန်တော်လှန်ရေးကား ရိုက်နေတဲ့ သရုပ်ဆောင်လား” ဟု စန္ဒီကအူကြောင်ကြောင် မေးလိုက်သောအခါ  ဒေါသထွက်ဟန်နှင့် “ကျွတ် ဒုက္ခပါပဲကွာ ဒီမှာ မင်းရောက်နေတဲ့နေရာကို မင်းသိရဲ့လား၊ ဒါကျိုင်းတုံကွ တောင်ကြီးမဟုတ်ဘူး၊ ပြီးတော့ ဗမာပိုင်လည်းမဟုတ်တော့ဘူး၊ ဂျပန်က ထိုင်းကိုပေးလိုက်ပြီ၊ အခု ထိုင်းရဲ့ ဖရာ့ယက်တပ်လို့ခေါ်တဲ့ ထိုင်းမြောက်ပိုင်းစစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီးဂျာရွန်ရတနာ့ခွန်က ချုပ်ကိုင်ထားတယ်” ဟုပြောလေသည်။
“ဘာရယ် ကျိုင်းတုံဟာ ထိုင်းပိုင်ဖြစ်သွားပြီဟုတ်လား၊ ဒါကဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတဲ့လဲ၊ နေစမ်းပါဦး နေစမ်းပါဦး အခုဘယ်နှစ်ခုနှစ်လည်း ရှင်သိရဲ့လား”
“ဘာလို့မသိရမှာလည်း ၁၉၄၃ လေ”

ဘုရားရေ ဘာတွေဖြစ်ကုန်တာလဲ ဟု စန္ဒီအံ့သြတကြီးရေရွတ်လိုက်မိစဉ် ကျော့ဝ်ဖေါ့လုံ ကျော့ဝ်ဖေါ့လုံ ဟူသော ရှမ်းဘာသာနှင့် ခေါ်သံကိုကြားလိုက်ရသည်။

ကိုလူချောက ပျာပျာသလဲဖြစ်သွားကာ “ကဲကဲ မင်းတနေရာရာမှာ ပုန်းနေလိုက်ပါ သူတို့မြင်မသွားစေနဲ့ သွားသွား” ဟုဆို၍ စန္ဒီ့ကိုတရုတ်စကားပင်အုပ်ထဲသို့ အသာတွန်းရင်း ခေါ်သံကို အသံပြန်ပြုကာ ခပ်သုတ်သုတ်လေး ထွက်သွားသည်။

တရုတ်စကားပန်းကြွေများဆီမှ ချိုအီသော အမွှေးရနံ့တို့ သင်းပျံ့လာ၏၊ စန္ဒီ့မျက်လုံးများ လေးလံလာပြီး နောက်တော့ အိပ်မောကျသွားလေတော့သည်။

(ဆက်ရန်) ....။

“မွေ့ပျော်ရာ .. အလွမ်း” အခန်း ၃

“မွေ့ပျော်ရာအလွမ်း”
အခန်း( ၃)
ပြင်ညောင်မှ ကလောအထိ လမ်းတစ်လျှောက် ဝဲယာမြင်ကွင်းက စိမ်းစိုလွန်းလှသလို ပင်လယ်ရေမျက်နှာပြင်ထက် များစွာမြင့်သော တောင်ကျောပေါ်မှလမ်းကလေးမို့ အကွေ့အကောက် အတက်အဆင်းများလှသည်။ ဇစ်ဇက်နေရာများကိုလည်း များစွာဖြတ်ကျော်ရ၏။ ထို့အပြင် မြန်မာ့လမ်းများထုံးစံအတိုင်း ပေါက်သည့်နေရာတွင်သာ ဟိုဖာဒီဖြည့် လုပ်ထားသောကြောင့် လမ်းကမချောမွေ့။ သို့သော် ထိုကဲ့သို့ ကားကိုသတိထားကာ မောင်းနေရ၍လည်း အတိတ်မှအရိပ်ဆိုး၏ ဝင်ရောက်နှောက်ယှက်နိုင်ခြင်း မရှိသည်ကိုတော့ သဘောကျဖို့ကောင်းပါသည်။ သည်လိုနှင့် ကလောရောက်တော့ ညနေပင်စောင်းနေချေပြီး။

မမမြတ်လမ်းညွှန်လိုက်သည့်အတိုင်း ကလောမြို့ပြင်မှ အမရာရီဆော့လေးဆီ ဦးတည်လိုက်သည်။ အမရာရီဆော့လေးက မမမြတ်ညွှန်းဆိုသည့်အတိုင်း ရှေးဗြိတိသျှတို့၏ အိမ်ကလေးများသဖွယ်၊ ညနေခင်း အလင်းမှိန်မှိန်အောက်ဝယ် ပြေပြေကလေး တက်သွားသည့် လမ်းကလေးအဆုံး၌ ဆွတ်မောဘွယ်ရာအတိ။


ဟိုတယ်ဝန်ထမ်းများက ပရောဖက်ရှင်နယ်ဆန်လွန်းလှပါသည်။ စန္ဒီမည်သူဖြစ်သည်၊ ဂျာနယ်များတွင် မည်သို့ရေးသားနေကြသည်ကို သူတို့သိကြမည်ဖြစ်သော်လည်း စန္ဒီအနှောက်အယှက်ဖြစ်မည်စိုး၍ မသိသလိုနေကြသည်။

ဖေါ်ရွေကျေပြွန်လွန်းလှသော ဝန်ဆောင်မှု၊ အရသာရှိလှသောညစာ၊ ကိုလိုနီအရာရှိကြီးများ၏ အိပ်ခန်းဆောင်ကဲ့သို သန့်ရှင်လှပ၍ ခန်းနားညက်ညောသည့် အိပ်ခန်းတို့အပြင် တစ်နေကုန် ကားမောင်းလာရ၍လားမသိ ည၉နာရီခွဲလောက်ကစပြီး စန္ဒီတစ်ယောက် ခေါင်းချလိုက်သည်မှာ မနက် ၇နာရီထိုးသည်အထိ တစ်ချိုးတည်း။

နောက်တစ်နေ့ အိပ်ယာမှထသောအခါ ၁၀နာရီနီးပါး အိပ်စက်ခဲ့ရသောကြောင့် ကြည်လင်သော ဦးခေါင်းနှင့် စန္ဒီတစ်ယောက် လန်းဆန်းတက်ကြွနေ၏၊ မနက်စာစားအပြီး အမရမှ စထွက်ချိန်တွင် နံနက်၉နာရီကျော်ပြီ။ ထို့နောက် ဟဲဟိုးတွင်ရပ်ကာ နေ့လည်စာစားရင်း အပေါ့အပါးသွားသည်ကလွဲ တောင်ကြီးရောက်သည်အထိ တောက်လျှောက်မောင်းဖြစ်ခဲ့သည်။ တောင်ကြီးမြို့ထဲရောက်တော့ ညနေစောင်းစ။

တောင်ကြီးမြို့ကို မြောက်ဘက်မှ ဝင်လာရသောကြောင့် မမမြတ်၏အဖွား ဒေါ်နန်းခမ်းလောဝ်၏အိမ်သို့ရောက်ရန် စန္ဒီအတော်မောင်းယူရသေးသည်။ ဗိုလ်ချုပ်အောင်ဆန်း လမ်းတစ်လျှောက် စဝ်စံထွန်းဆေးရုံ၊ တောင်ကြီးစတိုး၊ ဈေး၊ စိုက်ပျိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ စားသောက်ဆိုင်များ၊ ရှမ်းယဉ်ကျေးမှုသမိုင်းပြတိုက်၊ စသည်တို့ကိုဖြတ်ကျော်ခဲ့ရ၏။

ဖွားဖွား၏အိမ်က စိန့်ဂျော့အင်္ဂလီကန် ဘုရားရှိခိုးကျောင်း အနီးတွင် တည်ရှိပြီး လမ်းမကြီးပေါ်မှာမို့ ရှာဖွေရသည်က မခက်ခဲပါ၊ ခြံဝတွင်ကားရပ်လိုက်သည်နှင့် အသက်၄၀ကျော်အရွယ် အမျိုးသားကြီးတစ်ယောက် ထွက်လာကာတံခါးကို ဖွင့်ပေးပါသည်။

တံခါးဖွင့်ပေးရင်း “မစန္ဒီဟုတ်ပါတယ်နော် မစုမြတ်က ဖုန်းနဲ့လှမ်းပြီး ပြောပြထားလို့ ကျောဝ့်ဖှားရင် စောင့်နေတာ၊ ညကတည်းကရောက်မယ်ထင်ထားတာ မရောက်လာလို့ စ၀်ဖှားရင်က အတော်စိတ်ပူနေရှာတယ်” ဟု အလွန်ဝဲသော မြန်မာစကားနှင့်ပြောပြသည်၊ စ၀်ဖှားရင်ဆိုတာဘယ်သူလဲဟု မေးချင်သော်လည်း မမေးဖြစ်တော့။

အိမ်ကား ကိုလိုနီလက်ရာ ရှေးအိမ်ကြီးတစ်လုံးဖြစ်ပါသည်၊ သစ်သားနှင့် အင်္ဂတေကို အချိုးကျနစွာဖြင့် တည်ဆောက်ထားသောကြောင့် အိမ်ကြီးမှာခန့်ညားသလောက် ခိုင်ခန့်မည်ဟန်ရှိသည်။



တရုတ်စကားပင်များစိုက်ပျိုးထားသည့် မြက်ခင်းပြင်စိမ်းစိမ်းလေးကိုပတ်ကာ ဆင်ဝင်တွင် ကားရပ်လိုက်သည်နှင့် ဖြူဖွေးသောအသားအရည်၊ ဖြူဖွေးသော ဆံကေသာများနှင့် ကြည်စင်သော မျက်နှာရှိသည့် အသက် ၇၀အရွယ် အဖွားအိုတစ်ယောက်က ပြုံးရွှင်စွာ ကြိုဆိုပါသည်။

“သမီးလေးက စန္ဒီနော် လှလိုက်တာကွယ်၊ ဖွားဖွားက ညကတည်းကရောက်မယ်ထင်နေတာ လာလာ အထဲဝင် ဟဲ့ ခွန်သာ နဲ့ နန်းမွန် ဘာလုပ်နေတာလဲ ကားပေါ်ကပစ္စည်းတွေချလေ” ဟု ဖွားဖွားက လှမ်းပြောရင်း စန္ဒီလက်ကိုဆွဲကာ အိမ်အတွင်းသို့ခေါ်သွားလေ၏။

အိမ်ထဲသို့ရောက်သွားသောအခါ သူမရောက်ဖူးသော စစ်ကြိုခေတ်ကို ပြန်ရောက်သွားသလားဟုပင် စန္ဒီတစ်ယောက် သူမကိုယ်သူမ ပြန်မေးမိရလောက်အောင်ပင် အိမ်အတွင်းပြင်ဆင်မှုက ရုပ်ရှင်ထဲတွင် ကြည့်ရသော စစ်ကြိုခေတ်ဘိုအိမ်များကဲ့သို ပြင်ဆင်ထားသည်ကိုတွေ့ရသည်။

မီးလင်းဖို၊ ကတ္တီပါအဖုံးတပ်ဆက်တီများ၊ ထိုင်ခုံများ၊ မဟောဂနီရောင်တဖိတ်ဖိတ်တောက်ပြောင်နေသည့် စားပွဲ၊ အခန်းထောင့်မှစန္ဒရား၊ နံရံထက်မှ ပန်းချီကားကြီးများနှင့် ဓါတ်ပုံများ၊ ထိုအထဲတွင် အသက်၂၅-၃၀ခန့်ရှိသော စုံတွဲတစ်တွဲ၏ ပုံကား ကြီးမားခန့်ညားစွား ဧည့်ခန်းဆောင်ကို စီးမိုးနေရာယူထား၏။



 “ဒါကျော့ဝ်ပီးလုံ နဲ့ အမတော် စောသုစန္ဒီလေ၊ အင်း ... အမတော် စောသုစန္ဒီနဲ့မတွေ့ရတာတောင် နှစ်ပေါင်း၄၀ကျော်ခဲ့ပြီပဲ” ဟူသော တိုးဝေနွမ်းလျသော လေသံကြောင့် လှမ်းကြည့်လိုက်သောအခါ ဖွားဖွားနန်းခမ်းလောဝ်၏ မျက်ဝန်းတွင် မျက်ရည်စများ ဝေသီနေသည်ကိုတွေ့ရလေသည်။

(ဆက်ရန်) ...။


Wednesday, 1 July 2015

“မွေ့ပျော်ရာ .. အလွမ်း” အခန်း ၂

 “မွေ့ပျော်ရာ .. အလွမ်း”
အခန်း (၂)

၂၀၁၁ အောက်တိုဘာ ၂၉ရက်၊ စနေနေ့..


ဘုရားငါးဆူကိုဖြတ်ကာ ယင်းမာပင်သို့ဝင်သည်နှင့် ပတ်ဝန်းကျင်က သိသိသာသာပြောင်းလဲသွားလေသည်။ အမှတ် ၄ အမျိုးသားအဝေးပြေးလမ်းမကြီးသည် ရမည်းသင်းမှ ပျော်ဘွယ်သို့ မရာက်ခင်ကြား ရန်ကုန်မန္တလေး အမှတ်၁လမ်းမှ ဘုရားငါးဆူသို့ ဖြတ်ဖေါက်ထားသော ဖြတ်လမ်းလေးနှင့် လုံးဝမတူပါ၊ လမ်းအကျယ်နှင့် ညက်ညောမှု ကွာခြားသကဲ့သို့ ဘေးဝဲယာမှ ပတ်ဝန်းကျင် မြင်ကွင်းများလည်း ကွဲပြားလွန်းလှသည်။

သို့သော် ဖြတ်လမ်းလေးမှာ ဖြတ်လမ်းလေးဟု မထင်ရလောက်အောင် ဖြောင့်စင်းလှသော်လည်း အမှတ် ၄ အမျိုးသားအဝေးပြေးလမ်းကမူ အဝေးပြေးလမ်းအင်္ဂါရပ်နှင့်မညီအာင်ပင် အကွေ့အကောက် များလွန်းလှသည်ကို သတိထားမိ၏၊ အကွေ့အကောက်များဆို ရှမ်းကုန်းပြင်မြင့်ကြီးဆီသို့ ဦးတည်၍ တက်နေပြီကိုကိုးလေ။

လမ်းဘေးဝဲယာနှစ်ဘက်စလုံး ဘုရားငါးဆူမှစ၍ စိမ်းစိုခြင်းများက အတိဖုံးလွှမ်းလျက်၊ ယင်းမာပင်ရောက်သောအခါ ၁၁နာရီပင်ထိုးနေပြီ။ ကြားစခန်းကဲ့သို့ ဖြစ်နေလို့လားတော့မသိ ယင်းမာပင်ဝယ် ကားကြီးကားငယ်များစွာ ခဏတစ်ဖြုတ်ရပ်နားနေကြသည်ကို တွေ့ရသည်။

လှမ်းတွေ့လိုက်သော စားသောက်ဆိုင်တစ်ဆိုင်ရှေ့တွင် ကားကိုရပ်ကာ စားသောက်ဆိုင်ထဲ  စန္ဒီတစ်ယောက် ပေါ့ပါးစွာ လှမ်းဝင်သွားခဲ့သည်။


နက်ပြာရောင် ဂျင်ဘောင်းဘီ ခြေကျပ်ခပ်စည်းစည်းလေးကိုဝတ်ကာ သားရေဖိနပ်ရှည်ကိုစီးလျက် အောက်ခံရှပ်အင်္ကျီအကွက်ကျဲကျဲလေးပေါ်ဝယ် အညိုရောင်သားရေဝိစ်ကုတ်လေးဝတ်ထားသည့်  စန္ဒီ့ပုံစံက ကောင်းဘွိုင်မလေးတစ်ယောက်အလား။ ဆိုင်အတွင်းရဲတင်းသော ခြေလှမ်းများဖြင့် လှမ်းဝင်လာသော သူမကို အားလုံးက တငေးတမော။ စန္ဒီကတော့ မည်သူ့ကိုမှဂရုမစိုက်ပါ။

တစ်ယောက်တည်း ကားတစ်စီးနှင့် ယခုကဲ့သို မကြောက်မရွံထွက်လာသည်ကို ကြီးကြီးမေများ သိသွားပါလျှင် မူးလဲကျသွားသည်အထိ အထိပ်တလန့်ဖြစ်သွားမည်လားမပြောတတ်၊ ဘာပဲပြောပြော ယခုကဲ့သို လွတ်လွတ်လပ်လပ် ထွက်လာရသည်ကို စန္ဒီသဘောကျသည်။

လွတ်လပ်ခြင်း၊ ကျေးလက်၏လက်ဆတ်သောလေ၊ စိမ်းမြသောစက္ခုပဿဒ၊ ဒါတွေက စန္ဒီမေ့ထားချင်သော အရာကို လွယ်လွယ်ကူကူနှင့် မေ့ထားနိုင်အောင် အားပေးထောက်ကူပြုကြသည်။ ဒါတောင် တခါတခါတွင် အတိတ်ဟူသော နာကျင်ခြင်းက ပတ်ဝန်းကျင်သစ်ကို ဖြတ်ဖေါက်ကာ သူ့ထံရောက်ဖြစ်အောင် ရောက်လာကြသေး၏၊ ထိုအခါ မြူးတူးလန်းဆန်းစေသော အာအင်န်ဘီသီချင်းများဖြင့် အတွေးအိမ်သို့ အတင်းဝင်ရောက်ရန် ကြိုးစားနေသော ထိုအတိတ်လူဆိုးကို သူအတင်းပင် တွန်းလှန်ပစ်ရသည်။

သည်နေ့ဆိုလျင် သူရန်ကုန်ကထွက်ခဲ့သည်မှာ ၂ရက်ရှိပြီ၊ မနေ့ညက နေပြည်တော်တွင် ညအိပ်ခဲ့စဉ်အထိ အတိတ်ဆိုးကို သူတွန်းလှန်နိုင်စွမ်း မရှိသေး၊ သည်နေ့တော့ စိမ်းလန်းသော ပတ်ဝန်းကျင်သစ်က အတိတ်ဆိုးရန်မှ အတော်လေးသက်သာ ပါးလျော့သွားစေသည်ကို သတိထားမိ၏၊ အတိတ်ဆိုးကိုမုန်းသည်၊ ဘုန်းကျော်ကိုမုန်းသည်။

ထမင်းနှင့် ဟင်းရံမျာ လာရောက်ချပေးသော ကောင်မလေးက သူ့ကို ကွက်ကြည့်ကွက်ကြည့်လုပ်သွား၏။ တစ်ဆိုင်းလုံးရှိ စားပွဲဝိုင်းများမှ စားသုံးသူများအားလုံးသာမက ဆိုင်အပြင်ဘက် ချိုချင်၊ မုန့်ပဲသရေစာ နှင့် ဒေသထွက် စားသောက်ဖွယ်ရာများ ရောင်းနေသည့် ကောင်မလေးများကပါ သူမကိုကြည့်ကာ တီးတိုးသဖန်းပိုးနေကြသည်ကိုလည်း စန္ဒီသတိထားမိပါသည်၊ သို့သော် သူမဘာကိုမှမဂရုမစိုက် လောလောဆယ်ဆယ် အစာအိမ်ပြည့်ရန်သာ အာရုံကို စူးစိုက်ထားလိုက်သည်။

“မမက စန္ဒီမိုးသစ် ဟုတ်ပါတယ်နော်”

ကြိုးစားတားဆီးနေရသည် အတိတ်ကမ္ဘာထဲ ဘာလို့များ ပြန်ပို့နေချင်ကြရတာလဲကွယ်ဟု ရင်တွင်းညည်းညူမိသော်လည်း ကောင်တာစားပွဲမှ တကူးတကလာကာ မိတ်ဖွဲ့နေသော ကောင်မလေးကိုကြည့်ရင်း အေးလေ တနှစ်ခွဲကျော် ငါကြိုးစားစိုက်ပျိုးခဲ့တဲ့ သီးခင်းပဲ ချက်ခြင်းစွန့်ပစ်လိုက်လို့ ဘယ်လိုလုပ်ပြီး ရနိုင်မှာတဲ့လည်းလေ ဟု ကိုယ့်ဖာသာကိုယ် ဖြေတွေးကာ ပြုံ၍ခေါင်းညိတ်ပြလိုက်၏။
 

“ဝမ်းသာလိုက်တာမမရယ် ညီမက မမရဲ့ ပရိတ်သတ်ပါ၊ ရန်ကုန်မှာနေတုန်းက မမ ရဲ့ ရှိုးပွဲတော်တော်များ ကြည့်ဖူးတယ်၊ ပြီးတော့ မမ ပရီဆန်တေတာ လုပ်တဲ့ ပွဲအတော်များများလည်း အားပေးဖူးတယ် မမရဲ့၊ စာရင်းတွေ ကုန်းလုပ်နေတာနဲ့ မမ ဝင်လာတာ သတိမထားမိလိုက်ဘူး ဟောဒီက အေးစန်းပြောပြမှ မမကို သတိထားမိလိုက်တာ၊ ဝမ်းသာလိုက်တာမမရယ် အားမနာနဲ့နော် လိုတာရှိတာမှာမမ” ဟု သူ့လက်ကိုဆွဲရင်း ကလေးတစ်ယောက်လို ရွှင်မြူးပျော်ရွှင်စွာ ပြောနေသော ကောင်မလေးကို ပြုံးပြရင်း ကျေဇူးပါကွယ်ဟု ပြန်ပြောလိုက်ရသော်လည်း စောစောကလို လွတ်လပ်မှုကမရှိတော့ ရင်ထဲတွင်မွန်းမွန်းသိပ်သိပ်။

သူတို့၏ စကားသံကို နံဘေးမှနားထောင်ရင်းမှ မမကချောလိုက်တာ ပုံပြင်ထဲက နတ်သမီးလေးလိုပဲ၊ ဘာလို့ ရုပ်ရှင်မရိုက်တာလဲ၊ မမ အော်တိုရေးပေးပါ ဟူသော စားပွဲထိုးမလေးများ၏ ဝိုင်းအုံကျွတ်စီသံများနှင့်အတူ အပြင်မှဈေးသည်များ လမ်းသွားလမ်းလာများလည်း ဆိုင်အတွင်းစုပြုံ၍ ဝင်ရောက်လာသည်ကိုတွေ့လိုက်၏၊ သူမဒီဆိုင်ထဲဝင်မိတာမှားပြီလား။ 


စန္ဒီမမှားပါ ...

သူကိုမိတ်ဆက်သော ကောင်တာထိုင်ကောင်မလေးက သူ့အရပ်သူ့ဇာတ်ကို အတော်နိုင်နင်းပုံရပါသည်၊ အော်တန်အော် ဟောက်တန်ဟောက်နှင့် လူစုခွဲပေးလိုက်၏၊ အားနာလိုက်တာ မမရယ်ဟူသော တောင်းပန်စကားကို ကောင်မလေး၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ရင်း ကျေးဇူးတင်လိုက်တာ ညီမလေးရယ်ရယ်ဟု အဆီအငေါ့မတည့် တုန်လှုပ်စွာ ပြန်ပြောလိုက်သည်။

ညီမကျွေးပါရစေဟု အတင်းတားမြစ်နေသည့်ကြားက ပိုက်ဆံကိုအတင်းရှင်းရင်း ဆိုင်ထဲမှထွက်ခဲ့စဉ် သူ့ကိုတစ်လှည့် လက်ထဲတွင် ကိုင်ထိုင်သော ဖတ်လက်စ ဂျာနယ်ကိုတစ်လှည့် ကြည့်နေသော ကောင်လေးတစ်ယောက်ကို တွေ့ဖြစ်အောင်တွေ့ဖြစ်လိုက်သည်။ ကောင်လေးကိုင်ထားသည့် ဂျာနယ်ကို စန္ဒီကောင်းကောင်းကြီး သိပါသည်၊ သိဆို သူမ၏ အတိတ် သူမ၏ အနာဂါတ်နှင့် သူမ၏ ဘဝကို ဖြိုလှဲဖျက်ဆီးခဲ့သည့် ဂျာနယ်ပေပဲ။

မုန်းသည်၊ ဂျာနယ်ကိုလဲမုန်းသည်၊ ဘုန်းကျော်ကိုလည်းနာကျည်းသည်။ 

----------------------------------------------------------

“မဟုတ်ပါဘူး စန္ဒီရာ၊ အဲဒါတွေက အီစီကလီတွေပါဟ။ သူတို့ဖာသာသူတို့ လာနွယ်နေကြတာပါ၊ ငါ့ဘဝမှာ နင်ကလွဲရင် ဟောဒီရင်ဘက်ထဲကို ဘယ်သူ့ကိုမှ ထည့်မထားဘူးဆိုတာ နင်သိပါတယ်ဟာ”
 

တော်စမ်းဘုန်းကျော်။ နင်ဒီစကားတွေ ပြောတာအကြိမ်ပေါင်း ဘယ်လောက်ရှိပြီလည်းဆိုတာတောင် ငါမရေတွက်နိုင်တော့ဘူး၊ ပြီးရင် နင်ရှုတ်မြဲတိုင်းရှုတ် တွဲမြဲတိုင်းတွဲနေတာပဲ၊ ဒီတစ်ယောက်နဲ့ပြီးရင် နောက်တစ်ယောက်၊ နောက်တစ်ယောက်ကိုပြောရင် နောက်တစ်ယောက်နဲ့ နင့်ကိုငါဘယ်လိုလုပ်ပြီး ဘဝရဲ့လက်တွဲဖေါ်အဖြစ် လက်တွဲလို့ရဲမှာလဲ”
 

“နင်ငါ့ရဲ့ရင်ထဲမှာ ဘယ်လိုရှိတယ်ဆိုတာ အသိဆုံးပါ စန္ဒီရာ၊ ဟိုးအထက်တန်းကျောင်းသားဘဝ ကတည်းက နင့်ကိုချစ်ခဲ့ရတဲ့သူ၊ ကိုးနှစ်လုံးလုံး ပါရီမှာ ပညာသင်နေခဲ့တဲ့နင့်ကို မျှော်လင့်ခြင်းတစ်ပွေ့တစ်ပိုက်နဲ့ စောင့်မျှော်ရင်း ချစ်ခဲ့ရတဲ့သူ၊ ဒီလို နင့်ကိုချစ်တာ လွမ်းတာ မြတ်နိုးတာတွေနဲ့ ပြည့်နေတဲ့ ရင်ထဲကို ဘယ်တစ်စုံတစ်ယောက်က တိုးဝင်ခြေချလို့ နေရာရနိုင်မှာတဲ့လဲ စန္ဒီရာ၊ ဟုတ်ဖူးလား”

ကန်ရေပြင်ကို ဖြတ်ကာ သွဲသွဲလေးတိုက်ခတ်လာသော လေညှင်းကို စီးနှင်ရင်း ဘုန်းကျော်၏အသံတို့က လွှမ်းမောဆွတ်ကြည်ဘွယ်။

စောစောက ဆူပွက်နေသော စန္ဒီ့စိတ်များ ငြိမ်သက်ပျော့ပြောင်းသွားသည်၊ သည်အပြောလေးများအောက် စန္ဒီအကြိမ်ကြိမ်လဲပြိုခဲ့ရဖူးပြီပဲ။
 

“တော်ပါဘုန်းကျော်ရာ ပြောလိုက်ရင်တော့ ဇာတ်မင်းသားစတိုင်နဲ့ မြေကြီးထဲပဲ တိုးသွားတော့မယောင်ယောင် ပြီးရင် နောက်တစ်ယောက်နဲ့ ဇာတ်လမ်းရှုတ်ဦးမယ်၊ အကြိမ်ကြိမ်ခွင့်လွှတ်ပေးနေရတဲ့ ငါ့ကိုယ်ငါလည်း သနားလှပြီ၊ အေး .. ဒါပေမဲ့ တစ်ခုတော့ရှိတယ်နော် အခုအချိန်အထိ ငါနင့်ကို စိတ်ဆိုးတဲ့အဆင့်လောက်ပဲ ရှိသေးတယ်၊ ဒီထက် ဒီထက်ပိုလာပြီး ငါစိတ်ပျက်သွားတဲ့ အဆင့်ကိုတော့ မရောက်မိပါစေနဲ့”

မျက်စောင်းချီကာပြောရင်း လှည့်ထွက်လိုက်သော သူမကို ဘုန်းကျော်ကဆွဲလှည့်ရင်း ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ “စိတ်လည်းမပျက်စေရဘူး စိတ်လည်းမဆိုးစေရဘူး ချစ်ပဲချစ်စေရမယ်” ဟုပြောရင်း စန္ဒီ့နုတ်ခမ်းအပေါ် အနမ်းပွင့်ချရန် ကြိုးစားလိုက်သည်။ 


သွားပါ အပိုတွေဟု ရုန်းကန်လိုက်ငြား ရုန်းကန်ခြင်းတွင် အင်အားမဲ့နေလေ၏။


----------------------------------------

“နေ့လည်စားဖို့ ကိုယ့်ကိုစောင့်နေနော်” ဟု ပြောကာ ဆင်ဝင်ရှေ့တွင် ရပ်ပေးလိုက်သော ဘုန်းကျော်ကို ပြုံးပြခေါင်းညိတ်ရင်း စန္ဒီကားပေါ်မှ ဆင်းလိုက်သည်။

မှန်တခါးကြည်ကြည်လေးမှ ဖြတ်ဖေါက်မြင်နေရသော ရုံးခန်အတွင်းတွင်ကား ထုံးစံအတိုင်း မမမြတ်နှင့် ဝန်ထမ်းမလေးများ ကာစတန်မာများနှင့် စည်ကားလျက်၊ သို့သော် သူတို့၏မျက်ဝန်းများက တွေ့နေကျမျက်ဝန်းများမဟုတ်၊ တစုံတရာကို စိုးရိမ်ထိပ်လန့်နေဟန်နှင့်။ 


ဘာတွေဖြစ်နေလဲ။

သွားမယ်စန္ဒီဟု နုတ်ဆက်ကာ ကားဘီးလိမ့်ထွက်သွားသော ဘုန်းကျော်ကိုပင် ပြန်မနုတ်ဆက်မိ၊ ထင့်နေသော ရင်အစုံနှင့် မှန်တံခါးကို တွန်းဖွင့်ကာ လှမ်းဝင်လိုက်သည်။
 

“မနေ့က အရမ်းမောသွားလား” ဟူသော မမမြတ်၏ ဟန်ဆောင်မှန်းသိသာလွန်းသည့် အပြုံးဆင်အမေးအဆုံး “မနေ့က မမစန္ဒီအရမ်းလှတာပဲ” “ အောင်မယ် အရင်မလှတဲ့အတိုင်း တို့မမက ဘယ်အချိန်မဆို အမြဲလှပြီးသားပါနော်” “မမစန္ဒီက အပြင်မှာလည်းအရမ်းလှတာပဲ” စသော တပည့်ကောင်မလေးများ၏ ကျွတ်စီညံသံများကို အပြုံးနှင့်ကျောခိုင်းရင်း မမမြတ်၏လက်ကိုဆွဲကာ သူမ၏ရုံးခန်းထဲ ဝင်လိုက်၏။ ပြီးမှ တံခါးကို အသေအချာပြန်ပိတ်ရင်း “ဘာဖြစ်နေတာလဲ မမမြတ် စန္ဒီ့ကိုမညာနဲ့နော် မမမျက်နှာက တစ်စုံတရာဖြစ်နေလို့ ပြောပြနေတယ်“ ဟုလှမ်းမေးလိုက်သည်။

အတန်အကြာသည်အထိ တိတ်ဆိတ်နေရာမှ တစ်စုံတစ်ရာကို ဆုံးဖြတ်ချက် ချလိုဟန်နှင့် မမမြတ် ဟင်းကနဲ့ သက်ပြင်းမောရှည်တစ်ခုကို ချလိုက်၏။
 

“ဒီမနက် လျှပ်တပြတ်ဂျာနယ်မှာ စန္ဒီတို့စေ့စပ်တဲ့သတင်းပါတယ်”
 

“အောင်မလေးမမမြတ်ရယ် ဒီသတင်းများ လျှပ်တပြတ်တင်မကဘူး ဂျာနယ်အတော်များများမှာပါပဲ မနေ့က မီဒီယာအတော်များများကလာတာ မမမြတ်သိသားနဲ့”
 

“နေဦးစန္ဒီမမမြတ်ပြောတာမဆုံးသေးဘူး” ဟု ဖြတ်ပြောရင်း တစ်စုံတစ်ခုကို ချီတုံချတုံဟန်နှင့် မမမြတ်ခဏမျှ တွေဝေသွား၏၊ ပြီးမှ “ဒီသတင်းနဲ့အတူ တစ်မျက်နှာထဲမှာ သတင်းတစ်ပုဒ်ကို တွဲပြီးရေးထားတယ်” ဟု ပြောလေသည်။

ဘာသတင်းလဲ မမမြတ် နားမလည်ဟန်နှင့် လှမ်းမေးသောအခါ “အကယ်ဒမီမင်းသမီးတစ်ယောက်က နာမည်ကြီး လုပ်ငန်းရှင်လူငယ်တစ်ယောက်ကို ကာမကိုလိမ်လည်ယူမှုနဲ့ တရားစွဲဆိုထားတယ် ဆိုတဲ့သတင်း”

နားမလည်ဟန်နှင့် မမမြတ်ကို ငေးကြည့်နေမိသည်။
 

“အဲဒီလူငယ်က မောင်ဘုန်းကျော်ပဲ”

ကောင်းကင်ကြီးပြိုကျသွားသလို ခံစားလိုက်မိသည်။ ရှက်ရွံ့စိတ်နှင့်အတူ ဒေါသက ရင်ထဲပျို့ကာ ထိုးတက်လာ၏၊ ထိုအခိုက် ဖုန်းမြည်သံကို လှမ်းကြားလိုက်မိသည်၊ ဘုန်းကျော်။ ဒေါသနှင့် ပူလောင်စွာ ဖုန်းကိုပိတ်ပစ်ရန် ခလုပ်ပေါ်လက်တင်မိလိုက်ချိန်တွင် ထူးထူးဆန်းဆန်း ပွက်ဆူနေသော သွေးများက သိသိသာသာတည်ငြိမ်သွား၏။

ဖုန်းကိုဖွင့်လိုက်သောအခါ “စန္ဒီ ...လျှပ်တပြတ်မှာ ပါတဲ့သတင်းကို ဂရုမစိုက်နဲ့နော် ဒါဘာမှမဟုတ်ဘူး ဒီကောင်မ ဂျာနယ်နဲ့ပေါင်းပြီး သက်သက်လုပ်တာ၊ ကိုယ်တို့ကို သက်သက်အရှက်ခွဲတာ” ဟု ဘုန်းကျော်က ထိပ်လန့်ချောက်ခြားစွာ ဗလုံးဗထွေး လှမ်းပြောသံကိုကြားရသည်၊ အခုကိုယ် စန္ဒီ့ဆီလာနေပြီဟုလည်း ပြောသေး၏။
 

“ဘုန်းကျော် နင်သေသေချာချာ နားထောင်စမ်း၊ ဒါနင်ပြုခဲ့တဲ့အမှုပဲ ဘယ်သူ့ကိုမှ အပြစ်တင်နေစရာမလိုဘူး ပြီးတော့ ငါ့ကိုလည်း ရှင်းပြနေစရာမလိုဘူး၊ ငါကိုးရီးယားမ မဟုတ်ဘူး မြန်မာမိန်းခလေးတစ်ယောက်ပါ၊ လင်ပြိုင်လုတဲ့ မိန်းမရယ်လို့ ပတ်ဝန်းကျင်ကမေးငေါ့မှာကို မခံနိုင်ဘူး ဘုန်းကျော်”
 

“ကိုယ်ပြောပါရစေအုံးစန္ဒီ၊ ဒီကိစ္စက ...”
 

“နေဦးဘုန်းကျော် ငါ့စကားမဆုံးသေးဘူး ငါအရင်ပြောမယ်၊ နင့်ကိုငါပြောဖူးပါတယ် ငါအကြောက်ဆုံးက နင့်ကိုငါ စိတ်ပျက်သွားမဲ့တနေ့ကိုပဲလို့၊ အခု အံ့သြစရာကောင်းအောင် ငါ နင့်ကိုစိတ်ဆိုးမနေဘူး၊ ဒါပေမဲ့ လုံးဝကြီးကို စိတ်ပျက်သွားတာ၊ လုံးဝစိတ်ကုန်သွားတာ၊ ဒါပဲဘုန်းကျော်” ဟုပြောရင်း ဖုန်းပိတ်စဉ် နေပါဦးစန္ဒီကိုယ်တောင်းပန်ပါတယ်ဟူသော သွေးရူးသွေးတန်းအော်လိုက်သည့် ဘုန်းကျော်၏ အသံကို နောက်ဆုံးလှမ်း၍ကြားလိုက်ရသည်။
----------------------------------------------

ကားကိုမောင်းရင်း ပေါ့သွားရအောင် ငိုချလိုက်ပါလားညီမလေးဟု မမမြတ်က ညင်သာစွာဆို၏။ သို့သော် စန္ဒီရင်ထဲ မမမြတ်ထင်သလိုမဟုတ်ပဲ အံ့သြစရာကောင်းအောင် ရှင်းလင်းနေပါသည်။ 

“ရတယ်မမမြတ် စန္ဒီဘာမှမဖြစ်ဘူး” ဟူသောသူ့စကားအဆုံး မမမြတ်က မယုံသလိုစောင်းငဲ့ကြည့်၏။
 

“တကယ်ပြောတာ မမရဲ့ စန္ဒီ့ရင်ထဲမှာ သူနဲ့ပတ်သတ်ပြီး ဘာမှကိုမရှိတော့တာ စန္ဒီ့ကိုယ်တောင် စန္ဒီအံ့သြတယ်”

ပေါ့ပေါ့ပါးပါးလေးပြောလိုက်သော သူကိုကြည့်ရင်း “မဟုတ်သေးဘူးလေ စန္ဒီ၊ စန္ဒီတို့က စေ့စပ်ထားပြီးပြီလေ၊ လူကြီးတွေရဲ့ ဂုဏ်သိက္ခာတွေကိုလည်း ထည့်တွက်ရဦးမယ်၊ ဘယ်အရာမဆို အဆောတလျင်ဆုံးဖြတ်ချက်မချပါနဲ့ ညီမလေးရယ်၊ သွေးအေးမှ ခေါင်းအေးအေးနဲ့ ဆွေးနွေးပြီး ရင်ဆိုင်ကြပေါ့၊ ဘဝမှာအတူလက်တွဲမယ်လို့ ကတိပြုစေ့စပ်ခဲ့ပြီးပြီပဲ ဘာအခက်အခဲရှိရှိ အတူရင်ဆိုင်ရမှာပေါ့”

မမမြတ်က ညင်သာစွာချော့မော့ပြောဆိုနေသော်လည်း စန္ဒီ့ရင်တွင်း ဘာလှိုင်းဂယက်မှမရှိအောင် ငြိမ်သက်လွန်းနေ၏။
 

“မမမြတ် စန္ဒီခရီးထွက်ချင်တယ်၊ လောလောဆယ်ဆယ် သူ့နဲ့မတွေ့ချင်ဘူး၊ အချိန်အတိုင်းအတာ တစ်ခုအထိ အနှောက်အယှက်ကင်းတဲ့ နေရာတစ်ခုမှာ ငြိမ်ငြိမ်လေးနေလိုက်ချင်တယ်”
 

“အင်း ဒါလည်းကောင်းတာပဲ၊ မဟုတ်ရင် သတင်းထောက်တွေရန်နဲ့ ငါ့ညီမလေး ဖိစီးမှုတွေ အများကြီးရှိလာမှာ၊ ငွေဆောင်တို့ ချောင်းသာတို့ ငပလီတို့သွားပါလား စိတ်ညစ်ရင် ပင်လယ်ရေကူးရတယ်တဲ့”
 

“ဟင့်အင်း ပင်လယ်ကိုမသွားချင်ပါဘူး၊ ရာသီဥတုက မကောင်းသေးသလို အခုစန္ဒီက စိတ်မှညစ်မနေပဲလေ၊ သူမလိုက်လာနိုင်တဲ့ နေရာမျိုးမှာ လွတ်လွတ်လပ်လပ်လေးနေချင်တာ” ဆိုးနေကျအတိုင်း မမမြတ်ကို ခပ်နွဲ့နွဲ့ပြောလိုက်၏။
 

“အင်း..ဒါဆိုရင် ဒီလိုလုပ် တောင်ကြီးမှာ မမမြတ်ရဲ့ အဘွားတစ်ယောက်ရဲ့အိမ်ရှိတယ်၊ အဘွားဆိုပေမဲ့ မမမြတ်အမေရဲ့ အဒေါ်၊ မမမြတ်တို့နဲ့ ဘွားလေးတော်မှာပေါ့၊ အိမ်မှာ အိမ်ဖေါ်နှစ်ယောက်သုံးယောက်နဲ့ သူ့တစ်ယောက်ထဲနေတာ၊ သားသမီးတွေအားလုံးက သြဇီမှာလေ”

စန္ဒီသွားနေလို့ အဲဒီဖွားဖွားအတွက် အနှောက်အယှက်များ ဖြစ်နေမလားမသိဘူး ဟု အားနာစွာ မေးမိသောအခါ မမမြတ်က “အောင်မလေး အဲဒါအတွက် ဘာမှမပူနဲ့ အိမ်ကြီးက အကြီးကြီး၊ ကြီးဆို သီပေါစော်ဘွားရဲ့ မိသားစုအိမ်လေ၊ အခန်းတွေလည်းအများကြီးပဲ၊ ဖွားဖွားက အဲဒီအိမ်ကြီးနဲ့ ပစ္စည်းပစ္စယတွေကို မခွဲနိုင်လို့ သားသမီးတွေခေါ်တာကို အတင်းငြင်းပြီးနေနေတာ၊ တစ်ခုတော့ရှိတယ် အတိတ်တုန်းက ရွှေထီးဆောင်းခဲ့ရတာတွေ ပြောပြတာကိုတော့ နားညီးမှာနော် ကြိုပြောထားမယ်” ဟု ပြုံရယ်ကာ ပြန်ပြောပါသည်။

အင်း တကယ်တန်းဆို အဖွားက ငယ်ငယ်က ရွှေလင်ပန်းနဲ့ အချင်းဆေးပြီး ရွှေထီးဆောင်းလို့ နေလာခဲ့တာပါပဲလေဟု မမမြတ်က ရီဝေစွာ စကားဆက်၏။ “မမတို့ကသာ ဖေဖေဘက်လိုက်ပြီး ဗမာလုပ်နေတာ ဖွားဖွားက မျိုးချစ်စိတ်ဓါတ် သိပ်ပြင်းထန်တဲ့သူ၊ မမမြတ်တို့ငယ်ငယ်ကဆို ရှမ်းစကားမသင်ပေးရပါ့မလားဆိုပြီး မေမေ့ကို အမြဲအပြစ်တင်လေ့ရှိတာပေါ့၊ နားညီးအောင် ကြားရပါလိမ့်မယ်၊ သူ့အကို သီပေါစော်ဘွားစဝ်ကြာစိန်ကို ဦးနေဝင်းက အောင်ဘန်းမှာ ဘယ်လိုဖမ်းပြီးသတ်လိုက်တယ်၊ သူ့ယောင်းမ မဟာဒေဝီ သြစတြီးယားသူ အင်ဂဲလ်ဆာဂျန့်ကို ဦးနေဝင်းက ဘယ်လိုတိုင်းပြည်က မောင်းထုတ်လိုက်တယ် ဆိုတာတွေ၊ ပြီးတော့ သူ့အကိုဟာ ဘယ်လောက်ရဲရင့်ပြီး သူ့ယောင်းမက ဘယ်လောက်ချောမောလှပတယ် ဆိုတာတွေကို”
 

“အင်း ..မမစကားကြားရတာနဲ့တင် ဖွားဖွားကိုပြေးတွေ့ချင်နေပြီ၊ သြော်ဒါနဲ့ အလုပ်ကိစ္စတွေက ဘယ်လိုလုပ်မလဲဟင်မမ”
 

“မပူပါနဲ့ညီမလေးရယ် ဒါတွေမမတစ်ယောက်ထဲ စီမံနိုင်ပါတယ်၊ အလုပ်အပ်ထားတဲ့ ကုမ္ပဏီတွေကလည်း စန္ဒီကို စာနာနားလည်ပေးနိုင်မှာပါ၊ ဒီရက်ပိုင်းအတွင်းမှာ လုပ်ဖို့ရှိတဲ့ ရှိုးပွဲတွေမှာ စန္ဒီပါမှဆိုတာတွေကိုတော့ ဖျက်ပစ်လိုက်ရမှာပဲ၊ ဒါမှတစ်ယောက်ယောက်နဲ့ အစားထိုးပေးလိုက်မှာပေါ့”

ပြီးတော့ စန္ဒီဘယ်သွားတယ်ဆိုတာ ဘယ်သူ့မှ မသိပါစေနဲ့နော်မမ ဟု ကလေးတစ်ယောက်လို တောင်းဆိုသောအခါ မမမြတ်က သက်ပြင်းကို လေးလေးပင်ပင်ချရင်း ကျန်တဲ့သူတွေ မသိအောင် မမလှို့ဝှက်ထားပေးနိုင်ပေမဲ့ မောင်ဘုန်းကျော်ကိုတော့ မပြောပြပဲ နေဖို့ခက်မလားပဲ၊ ပြီးတော့ စန္ဒီ့ကြီးကြီးမေကို အသိပေးပြီးမှ သွားရမှာနော် ဟု မမမြတ်ကပြော၏။
 

“သူ့ကိုတော့ လုံးဝအသိမပေးနဲ့ မမမြတ်၊ သူသိသွားရင် စန္ဒီထွက်သွားတာ ဘာထူးမှာဦးမှာတဲ့လည်း၊ စန္ဒီသူ့ကို ဒေါသထွက်နေတာမဟုတ်ဘူး လုံးဝကို မမြင်ချင်လောက်အောင်ကို ရင်ထဲမှာရှင်းနေတာ ဒါပေမဲ့ ကြီးကြီးမေကိုတော့ စန္ဒီအသေအချာပြောပြ ခွင့်တောင်းပြီးမှသွားမှာပါ။ ဖေဖေနဲ့မေမေမရှိတဲ့နောက်မှာ ကြီးကြီးမေဟာ စန္ဒီရဲ့အဖေဆိုလဲဟုတ် အမေဆိုလဲဟုတ်လို့ ပြောရမဲ့သူပဲလေ၊ အခုဆို ကြီးကြီးမေလည်း ဒီသတင်းကြားပြီးလောက်ရောပေါ့၊ မနေ့က ဝမ်းသာပြီးပျော်နေတဲ့ ကြီးကြီးမေ ဒီနေ့ဝမ်းနည်းရတာကို စန္ဒီစိတ်မကောင်းဘူးမမရယ်”

မမမြတ်က လက်တစ်ဖက်နှင့် စန္ဒီခေါင်းကို ကြင်နာစွာပွတ်ပေးသည်။ အောက်တိုဘာမိုးနှောင်းရေစက်လေးများကို ဝိုက်ပါတံလေးများက အကြင်နာကင်းစွာ သုတ်ချနေလေ၏။


(ဆက်ရန်) ....။