“မွေ့ပျော်ရာ .. အလွမ်း”
အခန်း (၁)
၁၉၉၂ နိုဝင်ဘာလ ၉ ရက်၊ တနင်္လာနေ့ ....ယာဉ်မောင်ဖြစ်သူမှ အစိမ်းရောင် မာဇဒါဂျစ်လေး၏ အရှိန်ကိုလျှော့ချလိုက်ရင်း စတီယာရင်းအား ဘယ်ဘက်သို့ကွေ့ဝိုက်ကာ ပြိုပျက်စပြုနေသည့် ခြံဝင်အတွင်းသို့ မောင်းဝင်လိုက်သည်နှင့် ၀ါညစ်ညစ်ပေါ်ဝယ် စိမ်းညို့ရောင် ရေညှိကွက်ဗလပျစ်နှင့် အဆောင်အဦးကြီးက ဗိုလ်မှူးမြငြိမ်း၏ မြင်ကွင်းထဲ ဘွားကနဲ့ပေါ်လာ၏။ ၀ိတိုရီးယားဟန်ပေါ်ဝယ် ရှမ်းပိသုကာအလှ ဆင့်ထားသော သက်တမ်း ၈၇ နှစ်ရှိ အဆောက်အဦးကြီးမှာ လောကဓံ၏အထုအရိုက်များကြောင့်ထင့် အရွယ်နှင့်မလိုက်အောင် အိုမင်းညှိုးရော်လျက်။
“ဆရာကြီးမောင်ဦးတို့အဖွဲ့ကတော့ မိုင်းတွေဆင်နေကြပြီဗိုလ်မှူး” ဟု မ-၀-တ အတွင်းရေးမှူး ဗိုလ်ကြီးသောင်းစိန်က ကားပေါ်မှဆင်းစ သူ့အား အလေးပြုရင်း သတင်းပို့သည်။
ဗိုလ်မှူးမြငြိမ်း လက်မှစီတီဇင် နာရီလေးကိုပင့်မြှောက်ကြည့်လိုက်၏။ ၇ နာရီ ၂၃ မီနစ် ..
အင်း ..အချိန်တော့လိုသေးတယ် ကိုသောင်းစိန်၊ ဒါနဲ့ရဲဘက်တွေရော ရောက်နေပြီလား ...
ဗိုလ်ကြီးသောင်းစိန် အဖြေမပေးရသေးခင် “ကျနော်တို့ စောစောကတည်းက ရောက်နေပါတယ်ဗိုလ်မှူး” ဟု ထောင်မှူးလေး ကိုမျိုးမင်းအောင်က ၀င်းထဲမှ အဆောက်အဦးတစ်ခုမှထွက်လာရင်း အလေးပြုကာသတင်းပို့၏၊ သူထွက်လာသည့် အဆောက်အဦးရှေ့တွင် အဖြူရောင်ဝတ်စုံနှင့် သံခြေကျဉ်းခတ် အကျဉ်းသားတစ်စု။
“ဟုတ်ပြီ ကိုမျိုးမင်းအောင်၊ အချိန်တော့လိုသေးတယ်ဗျ ပြီတော့ ဂျီအီးတပ်ရဲ့ ခန့်မှန်းချက်အရ သူတို့ဖေါက်ခွဲပြီး အနည်းဆုံး တစ်နာရီလောက်မှ ခင်ဗျားလူတွေ အလုပ်စလို့ရမယ်ဆိုတော့ အချိန်က နေ့ခင်းလောက်ကိုရောက်သွားလိမ့်မယ်”
ဟုတ် ဗိုလ်မှူး ဟု အလေးပြုကာ ပြန်ဖြေသော်လည်း ထောင်မှူးလေးက သူ့ကိုသိပ်ကျေနပ်မည်မဟုတ်မှန်း ဗိုလ်မှူးမြင့်ငြိမ်း အလိုလိုသိနေသည်။ နေ့လည်ခင်းမှ လုပ်ရမည့်အလုပ်အတွက် နံနက် ၇ နာရီ အရောက်လာခိုင်းသည်က ကျွဲမြီးတိုစရာပင်။ သို့သော် ကိစ္စမရှိ၊ အမိန့်ဖြင့် အထက်မှအောက်ခြေသို့ ဆင့်ကဲအုပ်ချုပ်သော စစ်အုပ်ချုပ်ရေးစနစ်အောက်တွင် ဌာနဆိုင်ရာ ၀န်ထမ်းများကြား ကျေနပ်ခြင်း မကျေနပ်ခြင်းက အရေးပါသည်မဟုတ်၊ အဓိက အထက်အမိန့်ကို နာခံဖို့ပင်။ ထောင်မှူးနှင့် အကျဉ်းသားရဲဘက်များ နံနက် ၇ နာရီ ဟော်နန်းဝင်းကြီးထဲ ရောက်နေရမည် ဟူသောအမိန့်သည် ခ-၀-တ ဥက္ကဌ ဗိုလ်မှူးကြီး ခင်ဝင်း ထံမှ လာသောအမိန့်ဖြစ်သည်၊ ထိုအမိန့်ကို စတင်ထုတ်ပြန်သူမှာ ဗိုလ်မှူးကြီး ခင်ဝင်းဟုတ်ချင်မှလည်းဟုတ်မည် ဗိုလ်မှူးကြီးအထက်မှ အရာရှိကြီးများထံမှာ စီးကျလာခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သေးသည်။ ဘာပဲဖြစ်ဖြစ် သူ့အတွက်က အထက်အမိန့်ကိုနာခံဖို့နှင့် အဖိန့်ကို သူ့၏လက်အောက်သို့ ထပ်ဆင့်ထုတ်ပြန်ပေးဖို့ရန်သာ။
ရာသီဥတုက မှိုင်းအုပ်ကာ ဆိုင်းဆိုင်း၊ ဆောင်းဝင်ပြီဆိုသော်ငြား ကောင်းကင်၌ မိုးရိပ်တိမ်စများပိန်းထူနေဆဲ။ ဥတ္တရလေအဝေ့တွင် တရုတ်စံကားပန်းရနံ့များက သင်းရီရီ။
ခြံဝင်းကြီး၏အပြင်ဘက် လမ်းမပေါ်တွင် လမ်းသွားလမ်းလာအချို့ကို လှမ်းတွေ့နေရသည်။ သင်္ကန်းဝါ၀ါနှင့် သံဃာတော်များ ရှမ်းဘောင်ဘီတကားကားနှင့် သာမန်အရပ်သားများ။ ထိုသူများ၏ မျက်ဝန်းများပေါ်တွင် ကြေကွဲခြင်း နာကျည်းမုန်းတီးခြင်းတို့က အတိုင်းသားပေါ်လွင်လျက်။
ကိုသောင်းစိန် သတိထားနော် အပြင်က တစ်ယောက်မှ အ၀င်မခံနဲ့ ဟု အတွင်းရေးမှူးဖြစ်သူကို သူလှမ်းပြောလိုက်သော်လည်း ခြံဝင်းကြီးအတွင်း အသင့်အနေအထားနှင့် နေရာယူထားကြသော ရဲတပ်သားလေးများ၏ လှံစွပ်ဖွေးဖွေးများကို သူလှမ်းမြင်နေရပါသည်။
“စိတ်ချပါ ဗိုလ်မှူး၊ ရဲမှူးကြီးဝင်အောင်က ခြံဝင်အတွင်းပိုင်းအတွက် ရဲတပ်စိပ် တစိပ် တာဝန်ချထားသလို အပြင်ဘက်ကိုလည်း ခ-လ-၇ (-) က တပ်ခွဲတစ်ခွဲ ဖြန့်ပြီး နေရာယူထားပေးပါတယ်၊ ရှစ်နာရီခွဲလောက်ဆို အရှေ့က လမ်းမကြီးကို ပိတ်ထားလိုက်တော့မှာပါ”
ဗိုလ်ကြီးသောင်းစိန်ကို ခေါင်းညိမ့်ပြရင်း ဗိုလ်မှူးမြငြိမ်း ဟော်နန်းကြီးဆီ လှမ်းထွက်ခဲ့သည်။
မှိုင်းဝေေ၀ အလင်းအောက်တွင် တချိန်က မဟာဆီမဟာသွေးတို့နှင့် ၀င့်ဝါခဲ့ပုံရသော ဟော်နန်းကြီးက သူ့အားညှိုးငယ်စွာ ငေးကြည့်နေသယောင်ယောင်။ “ငါတို့ အရှင်သခင်ကို အလွမ်းဖြေစရာဆိုလို့ ဒါလေးပဲ ရှိတော့တာလေ” ဟူသော မြို့နယ်သံဃာ့နာယကဥက္ကဌ ဆရာတော်ကြီး၏ ကြေကြေကွဲကွဲ အနူးအညွှန့်တောင်းပန်သံဝဲ၀ဲက နားထဲကထုတ်လို့မရ။
ဟော်နန်းကြီး (ဟော်ခမ်း) ကိုဖြိုချပစ်ရမယ်ဟူသော အမိန့်ထွက်လာသည်နှင့် ကျိုင်းတုံတနယ်လုံးမှ ရဟန်းသံဃာများ ရပ်မိရပ်ဖများကို မြို့နယ်သံဃာ့မဟာနာယကဥက္ကဌ ဆရာတော်ကြီးမှ ဦးဆောင်ကာ ခ-၀-တ ဥက္ကဌ ဗိုလ်မှူးခင်ဝင်းထံ မဖြိုဖျက်ဖို့အရေး အသနားခံတောင်းပန်ကြသည်။ တချိန်က ကျိုင်းတုံတွင် ဒု-တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်၍ ဗိုလ်မှူးကြီးခင်ဝင်းကို လူသိပေါ၏။ သို့သော် ဟော်နန်းကြီးဖြိုချပစ်ရေးအမိန့်သည် ဗိုလ်မှူးကြီးခင်ဝင်း၏ ဆုံးဖြတ်ချမှတ်သော အမိန့်မဟုတ် အရှေ့ပိုင်းတိုင်း တိုင်းမှူးဗိုလ်မှူးချုပ်ကျော်ဝင်း ထံမှလာသောအမိန့်၊ ထိုအမိန့်သည်ပင် ဗိုလ်မှူးချုပ်ကျော်ဝင်း၏ ဆုံးဖြတ်ချက်ဟုတ်ချင်မှ ဟုတ်မည်၊ ဖြစ်နိုင်သည်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး-၁ ဗိုလ်မှူးချုပ်ခင်ညွှန့် ထံမှာလာသော အမိန့်ဖြစ်နိုင်သည်။ နောက်ဆုံး ဟော်နန်းဖြိုဖျက်ရေးကိစ္စအ၀၀သည် မြို့နယ် ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့ဥက္ကဌ သူ့အပေါ်ကျရောက်လာခဲ့လေသည်။
ခ-၀-တ ဥက္ကဌ ဗိုလ်မှူးကြီးခင်ဝင်း ပါးနပ်စွာ သူ့အားလူမိုက်ငှား ပွဲထုတ်သည်ကို စစ်သားတစ်ယောက်ဖြစ်သော ဗိုလ်မှူးမြငြိမ်းတစ်ယောက် ငြင်းပယ်ခွင့်မရှိ၊ အထက်အမိန့်ကို နာခံရုံသာ။ သို့နှင့် သူနှင့် ထောက်လှမ်းရေးတပ်စွယ်မှူး ဗိုလ်ကြီးနိုင်မိုးအောင်တို့သည် ကျိုင်းတုံတနယ်လုံး၏ ချဉ်ပတ် ရှမ်းတမျိုးသားလုံး၏ရန်သူ လူမိုက်ကြီးများ ဖြစ်ခဲ့ရလေသည်။
ကြီးမားလှသော ဤအဆောက်အဦးကြီးကို ဖြိုချဖျက်ဆီးရမည့်တာဝန်မှာ လွယ်ကူသည်မဟုတ်ပါ။ ထိုအဆောက်အအုံကြီးသည် ဘိလတ်မြေ အုတ် သစ် စသော ခိုင်ခန့်သည့်သက်မဲ့အရာဝတ္တုများနှင့်သာ တည်ဆောက်ထားသည်မဟုတ် ဂုံရှမ်းတို့၏ ယဉ်ကျေးမှု ၊ သမိုင်း၊ အနုပညာ နှင့် ၀ိဥာဉ်တို့ ပါထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်သည်။ ဟော်နန်းကို ဖျက်တော့မည်ဟူသော သတင်းထွက်သည်နှင့် ဂုံရှမ်း၊ ပအို့ဝ်၊ လီဆူး၊ ဓနု၊ ၀ စသော ကိုးကန့်ဒေသခံများသည် ဆန့်ကျင်ကန့်ကွက်မှုအမျိုးမျိုးကို ပြုလုပ်ခဲ့ကြသည်။ တင်းကြပ်ရက်စက်လှသော ဖိနှပ်မှုကြားမှပင် ဒေသခံများသည် ပုံစံအမျိုးမျိုးနှင့် သူတို့၏မကျေနပ်မှုကို ဖော်ပြခဲ့ကြသည်။ ဤအရေးနှင့် ပတ်သက်၍ တက်ကြွသော ရှမ်းအမျိုးသားအမြောက်အများ တောခိုကာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူပေါင်းသူက ပူးပေါင်းသွားသကဲ့သို့ ထောက်လှမ်းရေးတပ်စွယ်မှ ဗိုလ်ကြီးနိုင်မိုးအောင်တို့ လက်ချက်နှင့် နှစ်ရှည်ထောင်ကျသူကကျ ဖြစ်ကုန်၏။
သူ့ကိုလုပ်ကြံရန် ကြိုးစားမှု နှစ်ကြိမ်မျှကြုံခဲ့ရပြီး တကြိမ်ဆိုလျှင် သူအတော်ကံကောင်းလို့သာ အသက်ဘေးမှ သီသီလေး လွတ်ခဲ့ခြင်းဖြစ်၏။
ထို့အပြင် ဟော်နန်းကြီး ဖြိုဖျက်ရန်အတွက် ကျိုင်းတုံဒေသခံ ဘယ်အလုပ်သမားတစ်ယောက်ကိုမှ ငှားရမ်း၍မရ။ မြို့ပေါ်ရှိ လက်သမား ပန်းရံသမားများအား အာဏာသုံးဖိအားပေးကာ သူတာဝန်ပေးကြည့်ပါသည် သို့သော် အကြောင်းအမျိုးမျိုးပြကာ ရှောင်လွှဲကုန်ကြသည်သာ။
“ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တစ်တွေသည် သေသော်မှတည့်၊ သြော်…..ကောင်း၏” ဟူသော ဆီဘန်းနီဆရာတော်၏ ကဗျာကို ကျောင်းတွင်သင်ကြားခဲ့ရဖူးသူ သူ့အတွက် ဒေသခံများ၏ ခံစားမှုကို စာနာနားလည်နိုင်ပါသည်၊ သို့သော် သူသည်စစ်သား၊ စစ်သားအဖို့ အမိန့်သည်သာ ကိုးကွယ်ရာမဟုတ်လား။ နောက်ဆုံး ဗိုလ်မှူးကြီးခင်ဝင်းအမိန့်နှင့် ကျိုင်းတုံထောင်မှ နှစ်ကြီးအကျည်းသားများကို တာဝန်အတင်းပေးလိုက်ရတော့သည်။
ဆင်ဝင်အောက် ရဲဘော်များကို အမိန့်ပေးစေခိုင်းနေသော ဂျီအီးတပ်မှ တပ်ကြပ်ကြီးမောင်ဦးကို လှမ်းတွေ့ရသည်။ သူ့ကိုမြင်သည် အပြေးလေးရောက်လာပြီး သတိဆွဲအလေးပြုရင်းမှ မိုင်းတွေအားလုံးတော့ ဆင်ပြီးသလောက်ဖြစ်နေပြီဗိုလ်မှူး နောက် နာရီဝက်လောက်ဆို အားလုံးအသင့်ဖြစ်ပါပြီ ဟု သတင်းပို့၏။
“အေး ..သေသေချာချာလေးဖြစ်အောင် ပြန်စစ်အုံးကွာ၊ ခွဲရမဲ့အချိန်က ၉ နာရီ ၁၂ မိနစ်မှကွ၊ အချိန်တော့ရသေးတယ်”
“ဘာလို့ ၁၁ မိနစ်ဖြစ်ရသလဲ မသိဘူးနော် ဗိုလ်မှူး၊ ၁၀ မိနစ်ဆိုလဲ ၁၀ မိနစ်၊ ၁၅ မိနစ်ဆိုလဲ ၁၅ မိနစ်ပေါ့ ” တပ်ကြပ်ကြီးက နားမလည်ဟန်နှင့် မေးသည်။ တဆက်တည်း သူ့ထံမှအဖြေမစောင့်တော့ပဲ ဒါ ဗေဒင်တွေ ယတြာတွေနဲ့ ဆိုင်မယ်နော် ဟု ဆက်ပြော၏။
ခင်ဗျား အလုပ်သာ ခင်ဗျားသေသေချာချာ ပီပြင်အောင်လုပ်စမ်းပါ ဟု ခပ်ဆက်ဆက်ပြောရင်း သူဟော်နန်းအတွင်းသို့ဝင်လိုက်သော်လည်း ၁၂ မိနစ်ကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးခင်ဝင်းကို တပ်ကြပ်ကြီးမေးသလို သူမေးခဲ့ဖူးသည်။ ဗိုလ်မှူးကြီးက ခင်ဗျားလည်းသိသားနဲ့ ကိုမြငြိမ်းရယ် ဟုသာ အဖြေပေးခဲ့ပါသည်။
န-၀-တ အစိုးရလက်ထက် ဖွင့်ပေးလိုက်သော ဈေးကွက်စီးပွားရေးစနစ်အရ နိုင်ငံတကာမှ ရင်းနှီးမြုတ်နှံသူများ ကုန်သည်များ အလည်ပတ်လာရောက်သူ တိုးရစ်များ ပေါ်များလာလိမ့်မည်၊ ထိုအတွက် ဟိုတယ်နှင့် တည်းခိုခန်းများ မြန်မာပြည်တွင် များစွာလိုအပ်နေသည်။ ယခုလည်း ဟော်နန်းကြီးကို ဟိုတယ်ဆောက်လုပ်ရန်အတွက် ဖြိုချရခြင်းဖြစ်သည်ဟု တိုင်းမှူးမှတဆင့် အများပြည်သူအား အကြောင်းပြချက်ပေးသော်လည်း ထိုအကြောင်းပြချက် မခိုင်လုံမှန်း သူရောဗိုလ်မှူးကြီးပါသိနေပါသည်။ အထူးသဖြင့် သာမန်အဆောက်အဦးဟောင်းကို ဟိုတယ်ဆောက်ရန်ဖြိုချခြင်းအတွက်သာဆိုလျှင် အဘယ့်ကြောင့်နိုင်ငံတော်မှ ယခုကဲ့သို ဖြိုချရမည့် အချိန်အခါပါ အတိအကျ ပေး၍ အထူးဝါယမစိုက် အားထုတ်နေရပါသနည်း။
အဆောက်အဦးအတွင်းသို့ လှမ်းဝင်လိုက်သောအခါ ဖုံအမှိုက်များ ခြေရာများနှင့် ညစ်ပတ်နေသော ညစ်ညစ်ထေးထေး ကျွန်းသားပါကေးခင်းကြမ်းပြင်ကြီးကို လှမ်းတွေ့လိုက်ရသည်။ ခန်းမကြီးတွင် ယမ်းဆင်နေသော ရဲဘော်လေးများက ဥဒဟိုသွားလာလျက်ရှိ၏။ မျက်နှာကြက်တွင် အိပ်မောကျနေသော ပန်ကာဟောင်းကြီးများနှင့်အတူ ပင့်ကူအိမ်များ မီးခိုးမှိုင်းမျာ ဖုံးများက အလိပ်လိပ်။ မှိုင်းကုတ်ကုတ်ဤခန်းမတွင် တချိန်က မဟာဆန်မှုများကို သူဖွေရှာနေမိသည်။
၁၉၆၂ မှစတင်သော တော်လှန်ရေးကောင်စီခေတ်နှင့် မ-ဆ-လ ခေတ်တို့တွင် ဟော်နန်းကြီးကို အုပ်ချုပ်ရေးဆိုင်ရာရုံးကြီးအဖြစ် အသုံးပြုခဲ့ဖူးသည်ဟု မှတ်တမ်းများအရ သူသိရသော်လည်း ဤခန်းမကြီးကို မည်သို့အသုံးပြုသည်ကို ဗိုလ်မှူးမြငြိမ်းမသိပါ။ သို့သော်ထိုမတိုင်မှီက ဤခန်းမကြီးတွင် လက်အောက်ခံ နယ်စားပယ်စား ၃၃ ဦးသော ခွန်မှူးများ နှစ်စဉ် တနှစ် ၂ ကြိမ် လာရောက်ဂါရ၀ပြုပူဇော်ဖူးမျှော်ကြသည့် ခန်းမကြီး။ ထီးဖြူများ ရွှေပန်းခိုင် ငွေပန်းခိုင်များနှင့် ပြောင်လက်တောက်ပနေသော ကြမ်းပြင်ပေါ်ဝယ် မဟာဆီမဟာသွေးများ ဖိတ်ဖိတ်တောက် တောက်ပနေခဲ့ပေလိမ့်မည်၊ အခုတော့ ...
သုံးဆောင်ပြိုင် အဆောက်အဦးကြီးကို အခန်းကိုးခန်းဖွဲ့ကာ တည်ဆောက်ထားခဲ့၏။ ၁၉၀၃ ခုနှစ်တွင် ၀ိတိုရီးယားဘုရင်မကြီးနှင့် ဗြိတိသျှကိုလိုနီအတွင်းရှိ စော်ဘွားကြီးများ မဟာရာဂျာကြီးများ တွေ့ဆုံပွဲ ( Delhi Durbar) ကို တက်ရောက်အပြီး ကျိုင်းတုံစော်ဘွားကြီး စ၀်ကွမ်ကဲ့အင်ထလိုင် တစ်ယောက် အိန္ဒိယမှ မဟာရာဂျာတို့၏ ကြီးကျယ်ခန်းနားလှသော စံနန်းတော်များကို အားကျခဲ့ပုံရသည်။ အဆောက်ဦးကြီးမှာ ဥရောပဟန်ပေါ်ဝယ် အိန္ဒိယဟန်နှင့်အတူ ရှမ်းပိသုကာအနုပညာကို ပေါင်းစပ်ကာ ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်၏။
ကြီးမားသောလှေကား၌ အပေါ်ထပ်မှဆင်းလာသော ရဲဘော်လေး နှစ်ဦးက အလေးပြုကို ခေါင်းဆက်ပြရင်း အထက်ထပ်သို့ သူလှမ်းတက်လိုက်သည်။
ကြည့်လေလေရာ၌ မဟာဆန်မှုကို ဖုံးကွယ်ဖျက်စီးနေသော ဖုံများ အမှိုက်များ ပင့်ကူအိမ်များနှင့် ကျပ်ခိုးမှိုင်းများသာ။ ဘယ်ဘက်အဆောင်ရှိ အခန်းကြီးတစ်ခန်းအတွင်း သူဝင်လိုက်သည်။ မှတ်တမ်းများအရ ဤအခန်းသည် စော်ဘွားကြီး၏ စာကြည့်ဆောင်၊ ရုံးခန်းနှင့် ဘဏ္ဍာတိုက်ဖြစ်ခဲ့ဟုဆို၏။ မှန်တံခါးများပြုတ်ထွက်နေသော ပြူတင်းပေါက်များမှတဆင့် ၀င်ရောက်လာသော အလင်းရောင်ထဲဝယ် တချိန်က ကျိုင်းတုံတနယ်လုံး၏ အရေးကိစ္စမှန်သမျှကို စီမံခန့်ခွဲခဲ့သောဤအခန်းသည် ယခုတော့ အခြားအခန်းများကဲ့သို့ပင် ဖုံများ အမှိုက်များ စားပွဲကုလားထိုင်အကျိုးအပျက်များ အမှိုက်များ ပင့်ကူအိမ်များ၏အောက်တွင် ငြိမ်သက်စွာအရှုံးပေးဝပ်စင်းလျက်။ အင်း ..မကြာမှီ ဒီရှုံးနိမ့်မှုတွေဝဋ်ကြွေးတွေ အဆုံးသတ်သွားတော့မှာပါဟု ခပ်ကြောင်ကြောင်သူတွေးဖြစ်၏။
သက်ပြင်းကိုချရင် နောက်ကျိလေးလံစွာ အခန်းထဲမှထွက်ဟန်ပြုစဉ် သူ့မျက်စိထဲ ဘဏ္ဍာတိုက်အခန်းမှ လူရိပ်လိုလို လှမ်းတွေ့လိုက်သည်၊ မိုင်းဆင်နေသည့် ရဲဘော်တစ်ယောက်ယောက်လား။ “အထဲမှာတစ်ယောက်ယောက်ရှိလားဟေ့” ဟုမေးကာ အခန်းအတွင်းလှည့်ပတ်ကြည့်တော့လည်း တုံ့ပြန်သံမရ ဘာမှမတွေ့။ မျက်စိမှားတာဖြစ်မှပါဟု ဖာသာတွေးရင်လှမ်းအထွက် ရုတ်တရက် တစုံတရာကို သူလှမ်းတွေ့လိုက်သည်။ ကျိုးပျက်လဲပြိုနေသော စားပွဲကြီးတလုံး၏အနောက် နံရံပေါ်မှအက်ကွဲကြောင်းကြီးတစ်ခု၊ ထိုအက်ကွဲကြောင်းထဲတွင် တစုံတခုရှိနေသည်။
စားပွဲပျက်ကို ကျော်ခွလျက် အက်ကွဲကြောင်းအနီး သူတိုးကပ်သွား၏။ ထိုနေရာတွင် အလင်းရောင်က အားမကောင်း။ အက်ကွဲကြောင်းအတွင်း ညိုညစ်ညစ်အရာတစ်ခု။ မြွေတစ်ကောင်ဝင်ခွေနေတာလည်းဖြစ်နိုင်သည်။ ကုလားထိုင်ခြေထောက်ကျိုးတစ်ခုခုကို သူလှမ်းယူလိုက်ကာ ထိုအရာဖြင့် အက်ကွဲကြောင်းအတွင်းမှာ ညိုညစ်ညစ်အရာကို ထိုးကလော်ထုတ်လိုက်သည်။ အပ်ကွဲကြောင်းမှထွက်ကျလာသည့်အရာကား မြွေတစ်ကောင်မဟုတ်ပါ ပိုးထည်စတစ်စနှင့်ထုပ်ထားသော အထုပ်တစ်ထုပ်သာဖြစ်၏။
အလင်းရောင်အားကောင်းသည့်နေရာသို့ သူသွားကာ ရစ်ပတ်ထားသောပိုးထည်လေးကို ဖယ်ရှားလိုက်၏။ ရွှေချည်ငွေချည်ဖေါက်ထားသော ပန်းရောင်ပိုးစလေးက အရည်အသွေးကောင်းလှသည်။ အပြင်ဆုံးပိုင်းကိုရောက်နေသော တစိတ်တပိုင်းသားလျှင် ဖုံ ကျပ်ခိုးမှိုင်း ပင်ပြင်အညစ်အကြေးတို့ကြောင့် မဲညစ်ကာ ရိဆွေးစပြုနေသောလည်း အတွင်ပိုင်းများက သစ်လွင်တောက်ပနေဆဲ။ ထိုပိုးစဖြင့် အထပ်ထပ်ရစ်ပတ်ထားသည်က သားရေဖုံးတပ် ဒိုင်ယာရီစာအုပ်လေးတစ်အုပ်။ နွမ်းရိနေသော သားရေ အနောက်ဖုံးအောက်ဖက်ထောင့်တွင် Moleskne ဟု ထွင်းနှိပ်ထားသည်။ မိုးစကိန်းမှတ်စုစာအုပ်တို့၏ မူပိုင် စာအုပ်ကိုစည်းထားသည့် သားရေကြိုးလေးက ဆန့်ကျုံ့အားမရှိတော့။
အတွင်းသား စာရွက်များသည်လည်း စာအုပ်အဖုံးနှင့်အတူ ဟောင်းနွမ်းရိဆွေးလျက် ၀ါကျင်ကျင်။ ဒိုင်ယာရီတစ်ခုလုံးကို ရှမ်းဘာသာနှင့်ရေးမှတ်ထားသည်။ ရှမ်းစာမဖတ်တတ်သဖြင့် မည်သည့်အကြောင်းအရာဖြစ်မှန်း ဗိုလ်မှူးမြငြိမ်း မခန့်မှန်းနိုင်ပါ။ လှန်လှော်ရင်း စာအုပ်တနေရာမှ စက္ကူခေါက်လေးတခေါက် ထွက်ကျလာသည်။ ကုန်းကောက်ယူ၍ ဖြန့်ကြည့်လိုက်သောအခါ Whatman Plc စာတန်းလေးနှင့်အတူ နာမည်ကျော် ပုံဆွဲစက္ကူထုတ်လုပ်ရေး လိုဂိုတံဆိပ်ရိုက်နှိပ်ထားသော ပုံဆွဲစာရွက်လေး၊ ထိုစာရွက်လေးပေါ်ဝယ် နန်းဝတ်နန်းစားနှင့် မြန်မာ့အမျိုးသမီးလေးတစ်ယောက်ပုံကို လက်ရာမြောက်စွာ ခဲပန်းချီရေးခြစ်ထားလေသည်။
ပန်းချီဆွဲသူသည် မိန်းကလေး၏ နက်မှောင်လွန်းသော ဆံပင်နှင့် အချိုးကျလှသည့်ကိုယ်လုံးလေးကို ပေါ်လွင်အောင်ရေဆွဲထားနိုင်သည်။ ပြေပြစ်သောနဖူးနှင့် ဖြောင့်စင်းသော
နှာတံလေးအောက်တွင် လှပလွန်သေားသော နုတ်ခမ်းတစုံက တစုံတရာကို ဖွင့်ဟပြောတော့အလား။ အထူးခြားဆုံးမှာ ကွေးညွှတ်သော မျက်ခုံးအစုံအောက်မှ တောက်ပလှသည့်မျက်ဝန်းအစုံပင်ဖြစ်သည်။ ဘာရယ်ကြောင့်မှန်းမသိ ပန်းချီကားထဲမှာ မိန်းမငယ်ကိုကြည့်ရင်း ဗိုလ်မှူးမြငြိမ်းရင်ထဲတုန်ရီလှိုက်မောလာ၏။
ထိုအခိုက် ဟင်းဆိုသည့် သက်ပြင်းမောကြီး ချလိုက်သံကြီးတစ်ခု ..
ရုတ်တရက်အနီးအနားမှ ကြားလိုက်ရသည့်အသံကြောင့် ဗိုလ်မှူးမြငြိမ်းတုန်လှုပ်သွားကာ ခေါင်းမော့ကြည့်လိုက်သောအခါ သူ့အရှေ့ ၆ လံခန့်အကွာ ဘဏ္ဍာတိုက်ခန်းဝနား ရပ်ရင်း သူ့အားကြည့်နေသော စုံတွဲတစ်တွဲ။ အမျိုးသမီးရော အမျိုးသားပါ ဂုံရှမ်းဝတ်စုံကို သပ်ရပ်လှပစွာဝတ်ဆင်ထားသည်။
“ဟေ့ မင်း .. မင်းတို့ ဘယ်သူတွေလည်း ဘယ်လိုလုပ်ပြီး ဒီအခန်းထဲရောက်နေသလဲ ဘယ်သူဒီအဆောက်အဦးထဲ ၀င်ခွင့်ပြုသလဲ”
မေးခွန်များက ဗလုံးဗထွေးနှင့် လည်ချောင်းအတွင်း တိုးတိုက်မိကုန်သည်လားမသိ အံ့သြစရာကောင်းလှအောင် ပါးစပ်ဖျားမှထွက်ပေါ်လာသည့် သူ၏အမေးစကားသံက မယုံနိုင်စရာတွန်းညှင်းလွန်းလှသည်။
အမျိုးသား၏ ဘယ်လက်တွင် ငွေဓါးအိမ်နှင့်ဓါးတစ်လက်ကို ကိုင်စွဲထားပြီး သူ့အားစူးစူးရဲရဲစိုက်ကြည့်နေကာ အမျိုးသမီးကတော့ အမျိုးသား၏ညာလက်မောင်းကို ဆွဲထားရင်း သူ့အားဤနေရာမှထွက်သွားရန် တောင်းပန် ပြောနေသလို ဗိုလ်မှူးမြငြိမ်းခံစားရသည်။ စောစောက သက်ပြင်းချသံမှ အမျိုးသမီးထံမှ ဖြစ်ပုံရ၏။
မင်း ..မင်းတို့ဘယ်သူတွေလဲ ..ဒီနေရာကနေ ထွက်သွားပါ ဆိုသည့် သူ့စကားအဆုံး အမျိုးသားက တောက်တချက်ခတ်ကာ ဘယ်လက်တွင်ဆုပ်ကိုင်ထားသော ဓါးအိမ်မှဓါးကို ညာလက်ဖြစ်ဆွဲထုတ်လိုက်သည်နှင့် အမျိုးသမီးက ထိတ်လန့်တကြား မလုပ်နဲ့ ဟု စူးစူးဝါးဝါးအော်ရင်း အမျိုးသား၏လက်ကို ချုပ်ဆွဲထားလေသည်။ “မလုပ်နဲ့” ဟုသည့်အသံက မြန်မာစကား ပီပီသသ။
ဗိုလ်မှူးမြငြိမ်း တုန်လှုပ်စွာ နောက်သို့ဆုတ်လိုက်သည်။ နောက်သို့ညာခြေအဆုတ်တွင် လဲပြိုနေသော ကုလားထိုင်ကျိုးနှင့် တိုက်မိပြီး ပက်လက်လန်လဲကျသွား၏။ မျက်ဝန်းထဲ ဓါးရောင်ကလက်ကနဲ့ ...
မျက်နှာကိုလက်ဖြင့်ကာရင်း အား ..ဟု ကြောက်လန့်တကြားဟစ်အော်လိုက်မိသည်။
သူ၏အော်သံကြောင့် တပ်ကြပ်ကြီးမောင်ဦးနှင့် ရဲဘော်များ ဘာဖြစ်တာလဲ ဗိုလ်မှူး ဘာဖြစ်တာလဲဟု အော်မေးရင်း အခန်းအတွင်းသို့ စိုးရိမ်တကြီးပြေးဝင်လာကြသည်။
သူရှေ့မြင်ကွင်းမှာ စောစောကစုံတွဲကိုမတွေ့ရတော့ ...
“ဘာမှမဖြစ်ပါဘူးကွာ ကုလားထိုင်နဲ့တိုက်မိသွားတာပါ” ဟု ပြန်ပြောရင်း ဆွဲထူသောရဲဘော်၏လက်ကိုကိုင်ကာ သူထရပ်လိုက်သည်။
သူဘာဖြစ်သွားတာလဲ ...
လက်ထဲမှ ပန်းချီကားကိုပြန်ကြည့်လိုက်မိတော့ ..ဟင် စောစောက မိန်းကလေး
(ဆက်ရန်) ...။
No comments:
Post a Comment